အာရက္ခတိုင်းမ်စ် (၉ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းကို ကမ်းတက်ရန်လာတဲ့ စစ်ကောင်စီရေယာဉ် ၉ စီးအနက် ၂ စီးကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မီးခိုးများထွက်ကာ နောက်ဆုတ်သွားတယ်လို့ ဒေသခံများထံက သိရပါတယ်။
အောက်တိုဘာလ ၇ ရက် ညပိုင်းက ကုလားတန်မြစ်ကြောင်းအတွင်း ရွှေမင်းဂံဆိပ်ကမ်းဘက်ကနေ ချဉ်းကပ်လာတဲ့ စစ်ကောင်စီရဲ့ ကမ်းတက်ရေယာဉ်အုပ်စုကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရေယာဉ် ၂ စီး ထိမှန်ပျက်စီးပြီး မီးခိုးများ ထွက်ကာ ရွှေမင်းဂံရေတပ်ဘက်ကို နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
စစ်ရေယာဉ်များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ ငပြီကျွန်းပေါ်ကို လေကြောင်းကနေ ဗုံးအလုံးရေ မြောက်များစွာ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင်လည်း စစ်တွေမြို့ပြင်နဲ့ အမြင့်ကျွန်း၊ ကျားမသောက်၊ ငတောက်တက် စတဲ့ ကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အောက်တိုဘာလ ၈ ရက် ညနေပိုင်းက စစ်တွေလေဆိပ်အတွင်းသို့ လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။