၄ ရက်အတွင်း ပလက်ဝ အပါအဝင် မြို့ငါးမြို့ကို လေကြောင်း၊ ဒရုန်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်တယ်လို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)

နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း သံတွဲ၊ ကျောက်တော်၊ ပလက်ဝ၊ စနဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေပေါ်က နေရာတွေကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ ရေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက် နေ့လယ် ၁၁ နာရီခွဲခန့်မှာ သံတွဲမြို့ပေါ်က GTI ကျောင်းနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနီးက ပြည်သူ ၂ ဦးသေပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

GTI ကျောင်းဆောင်အချို့နဲ့ အနီးက လူနေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁၆ ရက် ည ၁၁ နာရီခွဲခန့်မှာ ကျောက်တော်မြို့ပေါ်က စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်တွေ အားလုံး လုံးဝ ပျက်စီးသွားပြီး အနီးဝန်းကျင်က ပြည်သူ ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၆ ရက် နံနက် ၁ နာရီခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးတဝိုက်ကို ဂျက်တိုက်လေယာဉ် ၅ စီးနဲ့ Y12 ၁ စီးသုံးပြီး တစ်နာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၄ ရက်မှာ ပလက်ဝမြို့နယ်ထဲက ရွာတစ်ရွာအနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ Y12 ၁ စီးသုံးပြီး ည ၇ နာရီ ၅၇ မိနစ်ကနေ ၉ နာရီ ၁၅ မိနစ်အထိ ၁ နာရီကျော်ကြာ ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀ ဗုံးတွေ၊ ဒုံးကျည်နဲ့ Drop Bomb အပါအဝင် ဗုံးအလုံးရေ ၅၀ နီးပါးခန့်ကို မရပ်မနား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ခေတ္တ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တစ်ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်ပါတယ်။

ဒဏ်ရာရသူက အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦးရှိပြီး လူနေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခန့်မှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ်အချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်မှာလည်း အဲဒီရပ်ကွက်ကို စစ်ကောင်စီစစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Related posts

ဂွမြို့နယ်ဘက် ဝင်ဖို့ ရွှေသောင်ယံကို စစ်ကောင်စီက အင်အားဖြည့် လက်နက်ကြီးတပ်ဆင်နေ

သံတွဲကို ၂ ရက်ဆက်တိုက် စစ်ကောင်စီဗုံးကြဲ

အဉ္ဇနပူရမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတစ်ဦးကို DLEPS ဖမ်းဆီးရမိ