စစ်တွေမှာ ၂၀၂၇ ကစပြီး မီတာ တစ်ယူနစ် ၁၆၀၀ ကျပ် ကျမယ်

အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ လာမယ့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး လျှပ်စစ်မီတာ တစ်ယူနစ်ကို ၁၆၀၀ ကျပ် ကျသင့်မှာ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက်ရှိ စစ်တွေမြို့မှာ လျှပ်စစ်မီးကို တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ ရရှိနေတာ မဟုတ်ဘဲ ငွေကြေးတတ်နိုင်သူတွေသာ မီးကြိုးတွေ ဝယ်ယူတပ်ဆင်ပြီး လျှပ်စစ်မီးကို သုံးစွဲနေကြတာ ဖြစ်ပါတယ်။

အခု ရရှိနေတဲ့ လျှပ်စစ်မီးဟာ အစိုးရကပေးတဲ့ လျှပ်စစ်မီးမဟုတ်ဘဲ ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုက တင်ဒါအောင်ပြီး ပေးနေတာဖြစ်တဲ့အပြင် လက်ရှိမှာ လျှပ်စစ်မီတာခကို ပြည်သူလူထုဘက်က ၈၀၀ ကျပ်သာ ပေးရပြီး ကျန်တဲ့ လိုငွေကို အစိုးရက စိုက်ထုတ်ပေးတဲ့ ပုံစံမျိုးလို့ မီတာစာရွက်မှာ ရေးထားကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တစ်ယူနစ်ကို ၈၀၀။ အဲဒါကလည်း ကျမတို့လည်း မီတာဖတ်လာတဲ့အခါ ကြည့်လိုက်တော့ မီတာစာရွက်ကို ကြည့်လိုက်တဲ့အခါ အဲဒီ မီတာစာရွက်မှာ သပ်သပ် လျှပ်စစ်မီးသုံးစွဲသူတွေအတွက် အသိပေး ပြန်ကြားစာဆိုပြီး စာတစ်စောင် ပါတာကို ကျမတို့က သတိမထားမိ။ အခု လက်ရှိ အခြေအနေမှာ မီတာ လျှပ်စစ်မီး သုံးစွဲနေတဲ့ ပြည်သူတွေကို လက်ရှိမှာ အခက်အခဲတွေကို ပြေလည်အောင် တစ်ယူနစ်ကို ၈၀၀ ကျပ်နဲ့ ကောက်ခံပေးတယ်ဆိုပြီး ပါပါတယ်။ ပြီးရင် ကျန်ကုန်ကျငွေကို အစိုးရကနေပြီး ထောက်ပံ့ပေးသွားတယ်ပေါ့ အခု လက်ရှိ အခြေအနေမှာ။ ကုမ္ပဏီကို အစိုးရကနေ စိုက်ပေးရတဲ့ ပုံစံကျပါဖို့။ ၈၀၀ က ပြည်သူဘက်က ခံတယ်။ နောက်ထပ်လို့ လိုတာကို အစိုးရက စိုက်တဲ့ပုံစံ စာရေးထားတာ။ အမှန် ကုန်ကျဖို့ဆိုရင် တစ်ယူနစ်ကို ၁၆၀၀ သတ်မှတ်ဖို့ဆိုတာက ၂၀၂၇ နှစ်ဆန်းကာလ ရောက်သွားရင် ကောက်ခံသွားဖို့ဆိုပြီး စာတစ်စောင် ပါတယ်” လို့ သူက ပြောပါတယ်။

အစိုးရ လျှပ်စစ်မီတာခတွေနဲ့ ပတ်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (MOEE) ရဲ့ သတ်မှတ်နှုန်းထားတွေရှိကာ အိမ်သုံး အမျိုးအစားဖြစ်ပါက ၁ ယူနစ် မှ ၅၀ ယူနစ်အထိဆိုရင် ၁ ယူနစ်ကို ၅၀ ကျပ်စီ၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ဆိုပါက ၁ ယူနစ်ကို ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ဖြစ်ပါက ၁ ယူနစ်ကို ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့ အထက်ဆိုပါက ၁ ယူနစ်ကို ၃၀၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အိမ်သုံးမဟုတ်တဲ့အမျိုးအစားဖြစ်ပါက ၁ ယူနစ် မှ ၅၀၀၀ ယူနစ်အထိ  ၁ ယူနစ်ကို ၂၅၀ ကျပ် ၅၀၀၁ ယူနစ် မှ ၂၀၀၀၀ ယူနစ်အထိ ၁ ယူနစ်ကို ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နဲ့ အထက်ဆိုပါက ၁ ယူနစ်လျှင် ၅၀၀ ကျပ် သတ်မှတ်ထားတာပါ။

လက်ရှိ စစ်တွေမြို့ရဲ့ လျှပ်စစ်မီတာခတွေဟာ ပုဂ္ဂလိကကုမ္ပဏီ ဖြစ်တာကြောင့် အစိုးရ သတ်မှတ်နှုန်းထားထက် နှစ်ဆလောက် မြင့်တက်နေတာကို တွေ့ရပါတယ်။

မီတာ တစ်ယူနစ် ၁၆၀၀ ကျပ် ဖြစ်မယ်ဆိုရင် စစ်တွေမြို့နေ ပြည်သူလူထုက စီးပွားရေး အလုပ်အကိုင် ရှားပါးနေတဲ့အတွက် မသုံးနိုင်တော့ဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“၁၆၀၀ ဖြစ်ဖို့ဆိုရင် အခု ၈၀၀ တောင်မှ မနက် ၁ နာရီ၊ ညဘက် ၁ နာရီ မီးရနေတာတောင် နှစ်သောင်းကျော်၊ သုံးသောင်းနီးပါး ဖြစ်နေတယ်။ ရေတင်တာ၊ ပြီးရင် ပေါင်းအိုးတစ်လုံး ဆွဲတယ်။ ဒယ်အိုးနဲ့ ဟင်းကြော်လိုက်တယ်ဆိုရင် မီတာ တက်သွားတာပဲလေ။ ရေမောင်းတာ ဘာညာနဲ့ဆို တော်တော် ဈေးကြီးမှာ။ ကျမတို့ကတော့ မသုံးတော့ဘူး။ အဲဒီလောက်လည်း မတတ်နိုင်ဘူး။ တချို့ အိမ်တော်တော်များများလည်း အဲဒီလို မသုံးတော့ဘူး ပုံစံမျိုးနဲ့ ပြောကြတယ်။ အစိုးရက လုပ်ပေးတာတော့ မှန်ပါတယ်။ အဓိကက စီးပွားရေး မရှိဘူးလေ။ စီးပွားရေးက အလုပ်အကိုင် ရှားပါးနေတဲ့အခါ အဲဒီလောက်အထိ မသုံးနိုင်ပါဘူး” လို့ သူက ပြောပါတယ်။

စစ်တွေမြို့အပါအဝင် ရက္ခိုပြည်ရှိ မြို့တွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ချိန်ကနေစတင်ကာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားခဲ့ရာ ဒီကနေ့အထိ လျှပ်စစ်မီး မရရှိသေးတာပါ။

လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် စစ်တွေမြို့အတွင်း လူမရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်အများအပြားလည်း ထင်းအဖြစ် ဖြိုချ ဖျက်ဆီးခံခဲ့ရပါသေးတယ်။

Related posts

ဂွမြို့နယ်ဘက် ဝင်ဖို့ ရွှေသောင်ယံကို စစ်ကောင်စီက အင်အားဖြည့် လက်နက်ကြီးတပ်ဆင်နေ

သံတွဲကို ၂ ရက်ဆက်တိုက် စစ်ကောင်စီဗုံးကြဲ

အဉ္ဇနပူရမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတစ်ဦးကို DLEPS ဖမ်းဆီးရမိ