အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးရိုးမပေါ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတယ်လို့ သိရပါတယ်။
ဆင်လန်စခန်းကနေ လေလာတောင်ကြောကို ဖြတ်သန်းပြီး ညောင်ကျိုးစခန်းကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက တန်ပြန် တိုက်ခိုက်နေတာလို့ သိရပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) မှာ အပြောင်းအလဲ ပြုလုပ်ပြီးနောက်ပိုင်း ညောင်ကျိုးစစ်မျက်နှာကို ပြန်လည် အသက်သွင်းလာတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ ဆင်တဲဘက်ကနေ စစ်ယာဉ်တန်း ၈ စီးဟာ ညောင်ခြေထောက် ကပစ ၆ အတွင်းကို ဝင်ရောက်လာတာကို တွေ့ရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ယာဉ်တန်းဟာ အစောင့်အရှောက် အနည်းငယ်နဲ့ လာတာကြောင့် စာနပ်ရိက္ခာတွေ ပို့ဆောင်တာ ဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။