အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၆)
၂၀၂၆ ခုနှစ် တတိယသုံးလပတ် (ဇူလိုင်ကနေ စက်တင်ဘာအထိ) အတွင်း ရက္ခိုင်ပြည်မှာ သေဆုံးသူ ၃၉၈ ဦး ရှိခဲ့ကြောင်း MCARI ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့ဈေးကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုတည်းမှာပဲ အရပ်သား ၅၀ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အစီရင်ခံစာအရ တစ်နိုင်ငံလုံးမှာ ဒီသုံးလပတ်အတွင်း ပဋိပက္ခဖြစ်စဉ်တွေ ယခင်ထက်လျော့ကျခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အသုံးပြုမှုက ၂၀၂၁ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။
မြေပြင်တိုက်ပွဲ ၆၆၁ ခုနဲ့ လေကြောင်းတိုက်ခိုက်မှု ၂၃၁ ခု ဖြစ်ပွားခဲ့ပြီး မြေပြင်တိုက်ပွဲ တစ်ခုချင်းအလိုက် လေကြောင်းတိုက်ခိုက်မှု အချိုးက ၀.၃၄၉ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ အရပ်သား ၇၂၉ ဦးအပါအဝင် စုစုပေါင်း ၃,၀၀၄ ဦး သေဆုံးခဲ့ပြီး စက်တင်ဘာလ တစ်လတည်းမှာ ၁,၂၅၇ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သား သေဆုံးမှု စုစုပေါင်းရဲ့ ၈၅.၃ ရာခိုင်နှုန်းဖြစ်တဲ့ ၆၂၂ ဦးက စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာလို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအထိ လေကြောင်းတိုက်ခိုက်မှု ၅၂၀ ခုကြောင့် အရပ်သား အနည်းဆုံး ၃၁၄ ဦး သေဆုံးခဲ့ပြီး ထိုကာလမှာ လေကြောင်းတိုက်ခိုက်မှုရဲ့ ၆၂ ရာခိုင်နှုန်းခန့်က ချင်း၊ စစ်ကိုင်းနဲ့ ရက္ခိုင်ပြည်မှာ ဖြစ်ခဲ့ပါတယ်။