အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၆)
နိုဝင်ဘာလ ၁၈ ရက်မှာ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာ (၁) ရပ်ကွက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ညနေ ၅ နာရီ ၂၀ မိနစ်မှာ တစ်ကြိမ်၊ ၅ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညီအစ်မ ၂ ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ပထမကြိမ်မှာ လင်းသာကမ်းခြေဘက်ကို တိုက်ခိုက်ခဲ့ပြီး ဒုတိယကြိမ်မှာ လင်းသာ (၁) ရပ်ကွက်က မင်္ဂလသုခဘုန်းကြီးကျောင်းကို တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မင်္ဂလသုခဘုန်းကြီးကျောင်းဆောင်နဲ့ ခြံစည်းရိုးအုတ်နံရံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ညီအစ်မ ၂ ဦးထဲက တစ်ဦးက နေရာမှာပဲ သေဆုံးပြီး ကျန်တစ်ဦးက ပြင်းထန်တဲ့ ဒဏ်ရာနဲ့ ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့တယ်လို့ AA က ဆိုပါတယ်။
အဲဒီရပ်ကွက်က နောက်ထပ်ကလေးငယ်တစ်ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာလ ၁၇ ရက်မှာလည်း သံတွဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ GTI ကျောင်းနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနီးအနားက ပြည်သူ ၂ ဦးသေပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။