အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၅)
ကုန်တင်ကားကြီးများ သွားလာနိုင်ရေးအတွက် ရက္ခိုင်ပြည်က ဘူးသီးတောင် မောင်တော ကားလမ်းကို အာရက္ခတပ်တော်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“ မိုးများပြီး လမ်းတွေ အပျက်အစီးများတော့ ပြီးခဲ့တဲ့လက ကုန်ကားသွားလာခွင့်ပိတ်ထားတယ်။ ပြန်လည် သွားလာလို့ရအောင် တပ်တော်က ပြင်ဆင်ပေးနေတယ်” လို့ မောင်တောဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဘူးသီးတောင် မောင်တော ကားလမ်းကို လောလောဆယ် အိမ်စီးကားသေး၊ တုတ်တုတ်၊ သုံးဘီး နဲ့ ဆိုင်ကယ်ကိုတော့ အာရက္ခတပ်တော်အနေနဲ့ သွားလာခွင့် ပြုထားတယ်လို့ သိရပါတယ်။
“ မိုးများတော့ တောင်ကျရေက တရှိန်ထိုးကျတော့ လမ်းတွေက ပျက်စီးတာပေါ့။ အရင်တုန်းကလည်း ဒီလိုပဲ ပျက်စီးတာပဲ။ ပျက်လိုက် ပြင်လိုက်ပေါ့” လို့ ဘူးသီးတောင်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် ဘူးသီးတောင် မောင်တော ကားလမ်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းဖြစ်ပြီး လမ်းအရှည်ဟာ ၁၆ မိုင်ခန့် ရှည်လျားတယ်လို့လည်း သိရပါတယ်။