ပြည်ပရောက်အသင်းတွေ စုပေါင်းပြီး ရေဘေးသင့်ဒေသခံ ၁၅၃ ဦးအတွက် ကူညီလှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၆)

ပြည်ပရောက်အသင်းတွေ စုပေါင်းပြီး ရေဘေးသင့်ဒေသခံ ၁၅၃ ဦးအတွက် ကူညီလှူဒါန်းပေးခဲ့တယ်လို့ ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဆန်းဝင်းက ဆိုပါတယ်။

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်ရင်း ရေကြီးမှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၅၃ ဦးအတွက် အရေးပေါ် အကူညီပေးအပ်ခဲ့တာလို့ သိရပါတယ်။

“အိမ်ထောင်စုက ၃၈ စုစာပါ။ ယောင်္ကျား ၆၅ ယောက်၊ မိန်းကလေး ၈၈ ယောက် စုစုပေါင်း ၁၅၃ ယောက်ပေါ့နော်။ အိမ်ထောင်စု တစ်စုကို ၁ သိန်းနှုန်းနဲ့အရေးပေါ်အဖြစ် ကူညီပေးလိုက်တာပါ။ ကူညီလိုက်တဲ့ နေရာတွေက ပထမတည်းက စစ်ဘေးရှောင်နေတဲ့သူတွေ နောက် ရေကြီးပြီး ရေဘေးရှောင် ဖြစ်သွားရတာ တချို့ တဝက် ပါပါတယ်။ စစ်ရှောင်တွေ ရေဘေးရှောင်တွေက တစ်ယောက်တစ်လေက မပြန်ရသေးဘူး။ တချို့ကတော့ ပြန်သွားပြီ” လို့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဆန်းဝင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ကူညီလှူဒါန်းမှုကို လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း ၊မျိုးမြတ်ရခိုင်လူငယ်ပရဟိတအသင်း၊ မျိုးကိုချစ်ကေသွီးမရောကေ့ပရဟိတအသင်း၊ARAKAN လူငယ်ပရဟိတအသင်း၊ အဖြူရောင်သံယောစဉ်မောင်နှမများပရဟိတအသင်း၊ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်း ၊စည်းလုံးခြင်းနန့် ချီတက်ကတ်မေပရဟိတအသင်းနဲ့ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်များ ပရဟိတအသင်းတို့ စုပေါင်းပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရေကျသွားတဲ့ မြို့နယ်တွေမှာ တင်ကျန်ရစ်ခဲ့တဲ့ နှုန်းနဲ့ အမှိုက်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကဝန်ထမ်းများ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာများ၊ အာရက္ခတပ်တော် စစ်သည်/စစ်မေများက စုပေါင်းပြီး သန့်ရှင်းရေး လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Related posts

ဂွကနေ ငပလီထိ ကမ်းခြေတကြောကို မအလ က ရုရှားကို ရောင်းစားထား

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)