အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)
ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအတွက် သိန်း ၃၂၀ တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ် တစ်စီးကို ကူညီ လှူဒါန်းခဲ့တယ်လို့ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်းက ဆိုပါတယ်။
အဆိုပါ လှူဒါန်းမှုကို အသင်းနဲ့အတူ ပြည်တွင်း ပြည်ပ အလှူရှင်တွေ စုပေါင်း ကူညီခဲ့တာဖြစ်ပြီး အရေးပေါ်လူနာတင်ယာဉ်မှာ ပါရှိရမယ့် လိုအပ်တဲ့ အရာများအားလုံး ဖြည့်ဆည်းပေးထားတာ ဖြစ်တယ်လို့ အသင်းရဲ့ အထွေထွေတာဝန်ခံ ဦးစောနိုင်က ပြောပါတယ်။
“ကျနော်တို့ မြေပြင်မှာ လုပ်နေတဲ့ ပရဟိတအသင်းတွေကိုလည်း တတ်နိုင်သလောက် ကူညီသွားဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က နိုင်ငံခြားကနေပြီး ပိုက်ဆံရှာနေတာပဲ ရှိပါတယ်။ သူတို့က ဘဝတွေ အသက်တွေ စွန့်ပစ် သွားလာ လှုပ်ရှားနေရတာ။ မြေပြင်မှာ သူတို့ အခက်အခဲပေါင်း များစွာနဲ့ လုပ်နေရတာဆိုတော့ သူတို့ကို ကျနော်တို့ အများကြီး ပံ့ပိုးဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားက ရှာထားတဲ့ ပိုက်ဆံတွေကို မြေပြင်မှာ အသက်စွန့်ပြီး သွားလာပြီး တကယ့်တကယ် ကူညီနေတဲ့ အဖွဲ့အစည်းတွေကို စည်းလုံးမှုအင်အားရခိုင်လူငယ်များ ပရဟိတအသင်းကလည်း ဘယ်အသင်းကိုမဆို တတ်နိုင်သလောက် ဝန်းရံပေးဖို့ရှိပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြား အသီးသီးမှာ ရောက်နေတဲ့ စေတနာရှင် အလှူရှင် အဖွဲ့အစည်းတွေကလည်း မြေပြင်မှာရှိတဲ့ အသက်စွန့် လုပ်ပေးနေကြတဲ့ ပရဟိတသမားတွေနဲ့တူတူ လက်တွဲပြီး တတ်နိုင်သလောက် လုပ်ပေးကြပါလို့ ကျနော့်အနေနဲ့ ဒီကနေ တောင်းဆိုပါတယ်ခင်ဗျ” လို့ ဦးစောနိုင်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
စည်းလုံးမှုအင်အားရခိုင်လူငယ်များ ပရဟိတအသင်းကို ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်တွေကို ကူညီရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ကာ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ အိုမန်၊ တရုတ် စတဲ့ နိုင်ငံတွေမှာ online ကတဆင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးအတွက်လည်း သူတို့ အသင်း အပါအဝင် အသင်း ၁၂ သင်းဟာ HDCO နဲ့ ချိတ်ဆက်ပြီး လစဉ် လှူဒါန်းပေးလျက် ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ ရေဘေးအတွက် အသင်းမှ သိန်း ၃၀ မတည်ပြီး ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကို ချထားပေးထားသလို ရေဘေးအတွက် ဆက်လက် အလှူခံလို့ ရရှိတဲ့ ကျန်အလှူငွေတွေကိုလည်း ကျောက်ဖြူ၊ တောင်ကုတ်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း အစရှိတဲ့ မြို့နယ်တွေကို ကူညီ လှူဒါန်းပေးဖို့ ရှိတယ်လို့စည်းလုံးမှုအင်အားရခိုင်လူငယ်များ ပရဟိတအသင်းက ဆိုပါတယ်။