ဒုတိယအကြိမ် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သြဂုတ်လ ၂ ရက်တွင် ဂျပန်မှာ ကျင်းပမယ်

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ဒုတိယအကြိမ် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သြဂုတ်လ ၂ ရက်တွင် ဂျပန်နိုင်ငံမှာ ကျင်းပမှာ ဖြစ်တယ်လို့ သင်္ကြန်ပွဲတော် ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဘုန်းမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်တွေနဲ့ ရေဘေးသင့် ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ပြီး တိုကျိုမြိုရှိ (Toneri Park) မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ကို ဝင်ကြေးအလှူငွေအဖြစ် ကြိုတင်လက်မှတ် ဝယ်ယူလျှင် တစ်ဦးလျှင် ဂျပန်ယန်း ၁,၀၀၀ (ဆိုက်ရောက် လက်မှတ်အဖြစ် ယန်း ၁,၅၀၀) သတ်မှတ်ထားပြီး၊ ပွဲမှ ရရှိတဲ့ အကျိုးအမြတ်ထဲကနေ ကုန်ကျစရိတ်များ နုတ်ပြီးနောက် ကူညီထောက်ပံ့ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရက္ခိုင်ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်း ဖော်ထုတ်ပြသရင်း လက်ရှိ စစ်ဘေးဒဏ် ခံစားနေရတဲ့ ရက္ခိုင်ပြည်သူများ၊ ရေဘေးသင့် ပြည်သူတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးနိုင်ဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တတ်နိုင်သလောက် ဝိုင်းဝန်း ကူညီပေးချင်တဲ့ စိတ်ဆန္ဒနဲ့ စီစဉ်တာ ဖြစ်ပါတယ်” လို့ ကိုဘုန်းမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သင်္ကြန်ပွဲတော်ကို တန်ခူးလအတွင်း ကျင်းပလေ့ ရှိသော်လည်း ရေကစားမဏ္ဍပ်ဖြင့် ရိုးရာယဉ်ကျေးမှုကို ထည့်သွင်း ကျင်းပလိုတာကြောင့် ဂျပန်နိုင်ငံ နွေရာသီရဲ့ အပူဆုံးကာလမှာ ကျင်းပရခြင်းဖြစ်ပြီး ပွဲတော်အတွင်း ရက္ခိုင်ရိုးရာ ရေကစားမဏ္ဍပ်၊ ရက္ခိုင်ရိုးရာ အဆိုအကများ၊ သံချပ်ဖျော်ဖြေမှုများ၊ ရက္ခိုင်ရိုးရာ ယဉ်ကျေးမှုပြခန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ တိုင်းရင်းသား ရိုးရာဖျော်ဖြေမှုများနဲ့ ရက္ခိုင်/မြန်မာ ရိုးရာအစားအသောက် ရောင်းချပွဲများကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် တိုကျိုမြိုရှိ Toyama Park မှာ ပထမအကြိမ် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး ဒုတိယအကြိမ် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကိုလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ရက္ခိုင်တိုင်းရင်းသားများ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ ဂျပန်မိတ်ဆွေများအားလုံး လာရောက်ကြဖို့ ပွဲကျင်းပရေးကော်မတီက ဖိတ်ခေါ်ထားပါတယ်။

Related posts

မနှင်းနှင်းဝေအမှုကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများ တောင်းဆို

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအတွက် သိန်း ၃၂၀ တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေး

မင်းပြားကို အမြောက် ၇ ချက် ပစ်ပြီး အဥ္နပူရမြို့ အမည်ပြောင်း