အဂတိကင်းတဲ့ ပြည်သူချစ် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် စီမံမည်ဆိုသော်လည်း လာဘ်စားတဲ့ ရဲဝန်ထမ်းများသာရှိနေ

အာရက္ခတိုင်းမ်စ် (၁ ဩဂုတ် ၂၀၂၆)

ရွေးတုအစိုးရ သမ္မတ ဦးမင်း‌အောင်လှိုင်က အဂတိကင်းတဲ့ ပြည်သူချစ် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် စီမံမည်ဆိုသော်လည်း လက်တွေ့မှာတော့ လာဘ်စားတဲ့ ရဲဝန်ထမ်းများသာ ရှိနေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။

ရဲတပ်ဖွဲ့မှာ နယ်မြေထိန်းသိမ်းတဲ့ ရဲတပ်ဖွဲ့နဲ့ ဥပဒေစည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းတဲ့ ရဲတပ်ဖွဲ့ဆိုပြီး နှစ်မျိုးရှိပြီး အဂတိကင်းပြီး ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ် လာစေဖို့ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြောပေမယ့်လည်း တကယ့်မြေပြင်မှာတော့ ရဲစခန်း ထောက်ခံစာယူဖို့အတွက်ပင် ငွေကြေးကောက်ခံခြင်းများ ရှိနေပြီး ‌ငွေကြေး မပေးသူတွေကို ထောက်ခံစာ ထုတ်ပေးဖို့ အချိန်ဆွဲထားတာတွေလည်း ကြုံရတယ်လို့ ပြည်သူတွေက ဆိုပါတယ်။

“အမှုတွေ ဘာတွေ ဖြစ်ရင် သူတို့နဲ့က ပတ်သက်ရပြီလေ။ ငွေက စတောင်းတော့တာပဲ။ အချုပ်မှာ စားစရာ ပို့ချင်ရင်၊ စကားပြောချင်ရင် ပိုက်ဆံ ၁ သောင်းအနည်းဆုံးပဲ။ ၅ ထောင်ပေးရင် ၅ ထောင်ပဲလား။ မရဘူး နည်းတယ်က ပြောသေးတာ။ ၂ မိနစ်လောက် စကားပြောခွင့်ရဖို့ ပိုက်ဆံ ၁ သောင်းလည်း ပေးရတာပဲလေ။ ဒီကြားထဲ အချုပ်ကလူအတွက် စားစရာပို့ရင်၊ ဆေးလိပ်ပို့ရင် သူတို့က ပေါ်တင် ဖြတ်ယူတယ်။ ရုံးထုတ်လို့ သွားရပြီဆို လူမတွေ့လိုက်နဲ့ လက်ဖက်ရည်ဖိုး ပေးဦးဆိုပြီး အတင်း လက်ဆွဲ တောင်းတာ။ မိန်းကလေး ငယ်ငယ်ချောချောဆိုရင်လည်း ခေါင်းအစ ခြေအဆုံး လိုက်ကြည့်ပြီးတော့ ရမလား ရောချင်ကြသေးတာ။။ မဖြစ်မနေမို့သာ ပတ်သက်ရတာလေ။ သည်းခံကြရတာပေါ့” လို့ ပြည်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်၊ လူရွယ် အမျိုးသားတွေကို တရားမဝင် ဖမ်းဆီးခြင်း၊ လူစုဆောင်းခြင်းများကိုလည်း ရဲတပ်ဖွဲ့ဝင်များကသာလုပ်ဆောင်နေတာဖြစ်ပြီး ပျောက်ဆုံးလူငယ်များကို ပြန်ရွေးလိုလျှင် မိသားစုဝင်များက ‌ငွေကြေးအမြောက်အများ ပေးပြီး ဖမ်းဆီးထားတဲ့ မြို့နယ်ရဲစခန်းတွေမှာ လိုက်လံ ရွေးယူနေကြရတယ်လို့ ပြည်သူများက သူတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို အာရက္ခတိုင်းမ်စ်ကို ပြောပြခဲ့ပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ