အာရက္ခတိုင်းမ်စ် (၂ သြဂုတ် ၂၀၂၆)
ရက္ခိုင်ပြည်အတွင်း ရေဘေးဒဏ်ကြောင့် အခက်အခဲ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မြေပုံမြို့နယ် သံဃာအကျိုးဆောင်အဖွဲ့က ဆရာတော်များ ဦးဆောင်ပြီး မြေပုံမြို့နယ်က ဒေသခံပြည်သူတွေ စုပေါင်းလှူဒါန်းတဲ့ အလှူငွေ သိန်း ၃၀၀ ကို သြဂုတ်လ ၁ ရက်က အဉ္ဇနပူရခရိုင်ပါတီကော်မတီထံ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းပွဲအခမ်းအနားကို အဉ္ဇနပူရခရိုင်အတွင်း တစ်နေရာမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး မြေပုံမြို့နယ် သံဃာအကျိုးဆောင်အဖွဲ့က ဆရာတော်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အလှူငွေကို ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေ့စဉ်အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ပေးခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြန်လည် အသုံးပြုပေးသွားမယ်လို့ အဉ္ဇနပူရခရိုင်ပါတီကော်မတီထံက သိရပါတယ်။
မြေပုံမြို့နယ် သံဃာအကျိုးဆောင်အဖွဲ့အနေနဲ့ ရေဘေးကြောင့် နေအိမ်ပျက်စီးခြင်း၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ လိုအပ်ချက်များအပြင် ကျန်းမာရေးနဲ့ လူမှုစီးပွား အခက်အခဲများလည်း ဆက်လက် ကြုံတွေ့နေရလို့ လူသားချင်းစာနာထောက်ထားခြင်းနဲ့ အခုလို စုပေါင်း လှူဒါန်းရတာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ အဉ္ဇနပူရခရိုင်အတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်နေပြီး နေအိမ် ပျက်စီးမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Photo – APM