အာရက္ခတိုင်းမ်စ် (၁၁ စက်တင်ဘာ ၂၀၂၆)
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) ကို စက်တင်ဘာလ ၁၀ ရက် နေ့လည်ပိုင်းက PDF တပ်ဖွဲ့တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်အပြီးမှာ နိုင်ငံတကာခရီးစဉ်များ အားလုံးကို ယာယီရပ်ဆိုင်းကြောင်း MAI လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။
လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ကပ် သို့မဟုတ် ထွက်ခွာမယ့် နိုင်ငံတကာ ခရီးစဉ်များ အားလုံးကို နောက်ထပ် အသိပေးချက် မထုတ်ပြန်မီအထိ ယာယီ ရပ်ဆိုင်းထားကြောင်း MAI လေကြောင်းလိုင်းက စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရပ်ဆိုင်းထားတဲ့ ကာလအတွင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ကပ် သို့မဟုတ် ထွက်ခွာရန် လျာထားတဲ့ MAI နဲ့ မင်္ဂလာ လေကြောင်းလိုင်းတို့ရဲ့ ပြည်တွင်းခရီးစဉ်များ အားလုံးကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်း လေဆိပ်ကို ပြောင်းလဲ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က တံတားဦးအပြည်ပြည်ဆိုင်ရာလေတပ်စခန်း အတွင်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ လေယာဉ် ၄ စီး ထိမှန်ပြီး ၂ စီးမှာ ပြန်လည်အသုံးပြုလို့ မရတော့ဘဲ ပျက်စီးခဲ့ပါတယ်။
အလားတူ ရွေးတုအစိုးရတပ်က တပ်သားများလည်း ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်တော့ အတိအကျ သိရှိရခြင်း မရှိရသေးပါဘူး။