ရွေးတုတပ်ရဲ့ လက်နက်ကြီးကြောင့် ရသေ့တောင်မှာ သားအမိ နှစ်ယောက်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ် မိုးစဲကမ်းဒေသကို စက်တင်ဘာလ ၂၀ ရက်မှာ စစ်တွေအခြေစိုက် ရွေးတုအစိုးရတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာကြောင့် သားအမိ နှစ်ဦး သေဆုံးသွားခဲ့တယ် သိရပါတယ်။

သေဆုံးသွားသူတွေကတော့ မိုးစဲကမ်း၊ ဇီးကိုင်းကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ အသက် ၄၂ နှစ်အရွယ် သမီးဖြစ်သူ ဒေါ်မရွှေတင်တို့ ဖြစ်ကြပါတယ်။

မနေ့က မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာ စစ်တွေအခြေစိုက် ရွေးတုအစိုးရတပ်က မိုးစဲကမ်းဘက် ကျေးရွာတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ဇီးကိုင်းရွာက ဒေါ်အေးနုဖြူတို့ သားအမိရဲ့ အိမ်ခြံဝင်းထဲကို လက်နက်ကြီးကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် သားအမိ နှစ်ဦးစလုံးမှာ ကျည်စတွေ ထိမှန်ပြီးတော့ သေဆုံးခဲ့ရတာဖြစ်ပြီး သမီးဖြစ်သူ ဒေါ်မရွှေတင်ဟာ မိခင်အိုကြီးကို အနီးကပ် ပြုစု လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့တုန်းကလည်း အဲဒီ ဇီးကိုင်းရွာကို ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ တစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရပါသေးတယ်။

ဓာတ်ပုံ ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

ဗိုလ်ချုပ် ဦးဆောင်မှုနဲ့ “အာရက္ခဒေသ အနာဂတ်အတွက် တန်းတူ ကြိုးစားသွားမယ်” ဒေါက်တာညို မွေးနေ့ဆုတောင်း

မိုင်းယု (၁၀၅) မိုင်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့အဖြစ် AA က ဆန် ၂,၂၀၀ ပြည် လှူဒါန်း

“အာရက္ခသမိုင်းသစ် ရေးထိုးနိုင်ပါစေ” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့မှာ PRA-Magway က သဝဏ်လွှာပေးပို့