ပလက်ဝက ပီချောင်းဆုံကို စစ်ကောင်စီ ဗုံးကြဲလို့ ခြောက်လသားကလေးအပါ ၉ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ပီချောင်းဆုံနဲ့ လုံးတူရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၈ ရက်က တိုက်ခိုက်မှုမှာ ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) တို့ရဲ့ ထုတ်ပြန်ချက်အရ ၁၈ ရက်နေ့က ပီချောင်းဆုံကျေးရွာကို ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေသုံးပြီး ဗုံး ၆၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ခြောက်လသား ယောကျ်ားလေးငယ်တစ်ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၄ ဦး အသက်ဆုံးရှုံးခဲ့ပြီး ဒေသခံ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဈေးဆိုင် ၈ ဆိုင်လည်း မီးလောင် ပျက်စီးခဲ့ပါတယ်။

၁၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က လုံးတူ-တွီစပ်လမ်းခွဲနဲ့ ပီချောင်းဆုံဘက်ကို ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံး ၅၀ နီးပါး ထပ်ကြဲခဲ့လို့ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်က မင်းတပ်၊ ကန်ပက်လက်နဲ့ ကျင်ဒွေးဘက်ကို အင်အားအလုံးအရင်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲမဖြစ်တဲ့ အရပ်ဘက်နေရာတွေ၊ လူနေအိမ်နဲ့ ဈေးဆိုင်တွေကိုပါ လေကြောင်းက ဆက်ကြဲနေကြောင်း သိရပါတယ်။

Related posts

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ