ရက္ခိုင်မြောက်ပိုင်းထက် တောင်ပိုင်းတိုက်ပွဲရှောင်များ ပိုအခက်အခဲဖြစ်နေ
အာရက္ခတိုင်းမ်စ် (၉-နိုဝင်ဘာ-၂၀၂၄)
ရက္ခိုင်ပြည်မှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် ရက္ခိုင်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင် စတဲ့ဒေသတွေထက် ရက္ခိုင်ပြည် တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဂွ၊ သံတွဲ၊ တောင်ကုတ် နဲ့ အမ်း စတဲ့ တိုက်ပွဲရှောင်တွေက ပိုပြီးတော့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည် မြောက်ပိုင်းမှာ စစ်ကောင်စီတပ် နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့က တိုက်ပွဲဖြစ်နေတာ ကြာနေပြီဖြစ်တာကြောင့် တိုက်ပွဲရှောင်တဲ့ အတွေ့အကြုံ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ၊ ပြီးတော့ တိုက်ပွဲရှောင်စခန်းဆိုပြီး ရှိပါတယ်။
ရက္ခိုင်ပြည် တောင်ပိုင်းက တိုက်ပွဲရှောင် အတွေ့အကြုံမရှိတာကြောင့် အခက်အခဲဖြစ်နေတာပါ။
ပြီးတော့ တိုက်ပွဲရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကြောင့် တိုက်ပွဲရှောင်တွေက တောတောင်တွေမှာ နေနေကြရတယ်လို့ တိုက်ပွဲရှောင်တစ်ယောက်က ပြောပါတယ်။
“ ရက္ခိုင်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတာ ကြာပြီဆိုတော့ သူတို့ဖက်မှာက နေသားကျနေပြီ။ NGO အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ ထောက်ပံ့ကြတယ်။ တခြား လိုအပ်တာတွေလည်း ထောက်ပံ့ကြတယ်။ ဒုက္ခသည်စခန်း သီးသန့်ရှိတယ်။ တောင်ပိုင်းမှာက အခုမှ ဗြုန်းစားကြီး တိုက်ပွဲဖြစ်တာဆိုတော့ တိုက်ပွဲအတွေ့အကြုံလည်း မရှိဘူး။ ဆိုတော့ ပြေးချင်ရာပြေး။ ဓမ္မာရုံတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ၊ စာသင်ကျောင်းတွေမှာ အဲဒီလို ခိုလှုံတယ်။ ခိုလှုံတော့ ဒီဘက်မှာက ဓမ္မာရုံကို ဗုံးချတယ်၊ သာသနာ့ဗိမာန်ကို ဗုံးချတယ်၊ ဘုန်းကြီးကျောင်းမှာလည်း မနေရဲဘူး။ တောတောင်တွေမှာ အပေါ်က လေယာဉ်နဲ့ မမြင်ရတဲ့ သစ်ပင်အောက်တွေမှာ၊ ချုံတောတွေမှာ နေကြရတယ် ဒီကလူတွေက။ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့ အဲဒီနေရာတွေကို ဗုံးသွားချတော့ သူတို့တွေက သိပ်မနေရဲဘူးလေ။ ဒီဘက်မှာ စခန်းဆိုတာလည်း မရှိဘူး။ အဲဒါကြောင့်မို့လို့ တောင်ပိုင်းကလူတွေဘဝက တော်တော်အခက်အခဲ ဖြစ်တယ်။ တိုက်ပွဲရှောင်ဦးရေက သိန်းချီ ရှိမှာပေါ့” လို့ အာၕက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တိုက်ပွဲရှောင်တွေရှိတဲ့ နေရာတွေ၊ အဆောက်အအုံတွေကို ဗုံးကြဲတဲ့အတွက် ကလေးငယ်အပါအဝင် လူတော်တော်များများလည်း သေဆုံးခဲ့ကြပါတယ်။
တောထဲမှာ တိုက်ပွဲရှောင်နေကြရတဲ့အတွက် ကျန်းမာရေးထိခိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတဲ့အသံကြောင့် နှလုံးထိခိုက်ပြီး သေသွားတဲ့ သက်ကြီးရွယ်အိုတွေ၊ လေဖြတ်သွားတဲ့သူတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ကုသဖို့အတွက် ဆေးဝါလည်း မရှိဘူးလို့ သိရပါတယ်။
တိုက်ပွဲရှောင်တစ်ယောက်ကတော့ “ သံတွဲမှာ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးရုံးကို အဲဒီမှာ ဗုံးချသွားလို့ စစ်ရှောင်နေတဲ့ ကလေးငယ်အပါအဝင် ၆ ယောက် သေတယ်။ လူ ၂၀ နီးပါး ဒဏ်ရာရတယ်။ နောက်ပြီး သာသနာ့ဗိမာန်မှာကျတော့လည်း ၁၀ နဲ့ ဘယ်နှယောက်လည်းမသိဘူး သတင်းထွက်တယ် သေတယ်။ နောက်ပြီး ခေါင်းလောင်းဖြူ ဘုန်းကြီးကျောင်းမှာလည်း သေတယ်။ ဆင်ခေါင်းရွာမှာလည်း သေတယ် စာသင်ကျောင်းကို ဗုံးချသွားလို့။ အခုချိန်မှာ စစ်ဘေးရှောင်တွေက အဆောက်အအုံ ကြီးကြီးမားမားတွေမှာ မနေရဲဘူး။ သူတို့တွေမှာ အိုးအိမ်တွေကို စွန့်ခွာပြီး လာရတော့ ဘာမှမယူလာခဲ့ရဘူး။ အခုတော့ ဆောင်းဝင်ပြီ။ ဆောင်းဝင်လာပြီဆိုတော့ အအေးပိုပြီး ဒီဘက်မှာက တောင်တွေများတယ်။ အခြားနေရာတွေထက် အအေးပိုတယ်။ အခုဆိုရင် စောင်မရှိတော့ သူတို့တွေမှာ တော်တော်လေး အခက်အခဲ ရှိကြပါတယ်။ ဂွတို့၊ တောင်ကုတ်တို့၊ အမ်းတို့မှာ တိုက်ပွဲဖြစ်နေတော့ ကုန်စည်စီးဆင်းမှုလည်း မရှိဘူး။ သူတို့က အကုန်ဖြတ်တောက်ထားတာဆိုတော့။ ဆေးဝါးပြတ်လပ်မှုလည်း ဖြစ်နေတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဆိုရင် တော်တော်ကို အခြေအနေဆိုးတယ်။ အဲဒါကြောင့် လူအသေအပျောက်လည်း ရှိတာပေါ့။ အချမ်းဒဏ်ကို မခံနိုင်တာနဲ့ ဆေးဝါးပြတ်တာနဲ့ ကျန်းမာရေးထိခိုက်ပြီးတော့ ဗုံးချတဲ့ဒဏ်တွေကြောင့် နှလုံးထိပြီး သေသွားတဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ရှိတယ်။ လေဖြတ်တဲ့သူတွေလည်း ရှိတယ်။ ဆေးဝါးမရှိဘူး” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် မြောက်ပိုင်းရှိ တိုက်ပွဲရှောင်များမှာလည်း လူစုလူဝေးဖြင့် နေထိုင်ကြရတဲ့အတွက် အိမ်သာအလုံအလောက် မရှိတာကြောင့် ဝမ်းရော ဖြစ်ပွားတာ၊ အရေပြားယားယံတဲ့ရောဂါ စတဲ့ ကူးစက်ရောဂါတွေနဲ့ ကြုံနေရပါတယ်။
ရက္ခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေစပြီးတော့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်ပြီး ဖြစ်ပွားခဲ့တာ အခုဆိုရင် ၁ နှစ်နီးပါး ရှိလာပါပြီ။
အဲဒီကာလတလျောက်မှာ ရက္ခိုင် မြောက်ပိုင်းမှာဖြစ်လိုက်၊ တောင်ပိုင်းမှာဖြစ်လိုက်နဲ့ တိုက်ပွဲမဖြစ်တဲ့ရက်ကို မရှိဘူးလို့ တိုက်ပွဲရှောင်တွေက ပြောပါတယ်။