မရဏ နာရီ (ပထမပိုင်း)
အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆) ဌေးဝင်း ၁၉၉၀ ပြည့်နှစ် မတ်လကုန်ခါနီးလောက်မှာ ဆရာကြီး ဦးဦးသာထွန်း ထောင်ထဲ ရောက်လာတယ်။ ဆရာကြီး ဦးဦးသာထွန်းဟာ မင်းပြားမြို့နယ်ထဲက ရွာတရွာမှာ ရွေးကောက်ပွဲ စည်းရုံးရေးတရားဟောရင်း အဖမ်းခံရတယ်။ ရွေးကောက်ပွဲက မေလမှဆိုတော့ ရွေးကောက်ပွဲမဝင်ခင် တလကျော်ကျော် နှစ်လနီးနီးအချိန်ပေါ့။ ဒီကြားထဲမှာ တိုက်ကနေ အချုပ်ဆောင်ကို ငါ ရွှေ့ပြောင်းခံလိုက်ရတယ်။ ဖြစ်ပုံကတော့ ထောင်ထဲမှာ သတင်းစာသွင်းခွင့် ဖတ်ခွင့် မပေးထားဘူး။ ဒီတော့ သတင်းစာတွေကို အပြင်က ခိုးသွင်းပြီး ဖတ်ရတာပေါ့။ တနေ့မှာ ဦးသာကျော် ရုံးတက်ရက်မှာ ရုံးကအပြန်မှာ သတင်းစာတစောင်ကို ဝှက်ပြီးသွင်းယူတယ်။ သူယူလာတဲ့ အဲဒီသတင်းစာကို ငါတို့အချင်းချင်း လက်ဆင့်ကမ်း လဲလှယ် ဖတ်ကြတယ်လေ။ ညဘက်တခုမှာ ထောင်ကို အာဏာပိုင်တွေက ရှောင်တခင် ဝင်စစ်တယ်။ ဒါကို ထောင်စကားနဲ့ ပြောရရင် တလာစီတယ်ပေါ့။ ထောင်အာဏာပိုင်တွေ တလာစီချိန်မှာ အကျဉ်းသားအားလုံးဟာ အခန်းပြင်ထွက်ပေးရပြီး ပုံစံထိုင်ပေးနေရတယ်။ ဒီအချိန်မှာ ထိုင်တဲ့ပုံစံက တင်ပလ္လင်ခွေပြီး လက်သီးဆုပ်ကို ဒူးပေါ်တင် ခေါင်းငုံ့ ပုံစံ မဟုတ်ဘူး။ ဆောင်းခြောင့်ထိုင်ပြီး လက်ကို ရှေ့ချထားကာ ခေါင်းငုံ့ထိုင်နေရတဲ့ ပုံစံ။ အဲဒီအချိန်မှာ ထောင်ဝါဒါတွေဟာ အခန်းထဲဝင်ပြီး ရှိရှိသမျှဖွ မွှေနှောက်ပြီး ရှာတော့တာဘဲ။ ငါနေတဲ့အခန်းထဲမှာတော့ ငါရယ် ကိုဘနှောင်းရယ် ထွန်းဝင်းဆိုတဲ့ (၁၀) တန်းကျောင်းသားနဲ့ သုံးယောက်နေကြတယ်။ ရှာတော့ ငါ့အိပ်ရာအောက်က သတင်းစာတစောင်ရတယ်။ ရတော့ ငါ့ကိုစစ်တော့တာပေါ့။ ဒီသတင်းစာ ဘယ်သူ သွင်းလာလဲပေါ့လေ။ ဂွကျတာက ငါ သွင်းလာတယ်လို့ ပြောရအောင်ကလည်း သတင်းစာက ငါရုံးထွက်ပြီးမှ ထွက်တဲ့သတင်းစာ ဖြစ်နေတယ်။ သတင်းစာဆိုတာက ကြိုထုတ်ထားတာမှ မဟုတ်တာ။ အမှန်အတိုင်းဖွင့်ပြောလိုက်ရင်လည်း သွင်းလာတဲ့လူက အသက်ကြီးနေတဲ့လူဖြစ်သလို NLD ပါတီက ရက္ခိုင်ပြည်ဥက္ကဌလည်း ဖြစ်တယ်။ သူ ဒေါက်ခတ်ခံရမှာ သေချာတယ်။ ဒီတော့ ငါက မသိဘူးလို့ဘဲ ဘူးခံရတော့တာပေါ့။ သူတို့က ငါ့ကို မင်းအိပ်ရာအောက် ရောက်နေတာ မင်းမသိရဘူးလားလို့ မေးတာပေါ့။ ငါကလည်း ရှေးနည်းအတိုင်း ဘူးကွယ်ငြင်းတော့ တလာစီရာမှာ လိုက်ပါလာတဲ့ ဒု-ထောင်ပိုင်က ဒေါကန်တာပေါ့။ “မင်းအိပ်ရာအောက်ကို မြွေဝင်ရင်ရော မင်း မသိဘဲ နေမလား” ဆိုတော့ ငါလည်း တိတ်နေတာပေါ့။ မင်းဝန်ခံ။ ဝန်မခံရင် မင်းကို ထောင်းတွင်းပြစ်ဒဏ်ပေးမယ်။ မင်းကို နေရာပြောင်းပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဘာဘဲပြောပြော တိုက်ထဲမှာ နေရတာက အဆောင်နေရတာထက် ပိုပြီးကောင်းတာကို ငါသိတယ်။ သို့သော်လည်း ငါ အမှန်အတိုင်း ပြောလိုက်ရင် ဦးသာကျော် အသက်ကြီးသူ လူကြီးတယောက် အပြစ်ပေး အရေးယူတာ ခံရမယ်။ သူ့ကို အပြစ်ပေးခံရစေမဲ့အစား ငါဘဲခံလိုက်မယ်ဆိုပြီး ငါက ဝန်မခံတဲ့အတွက် ငါ့ကို နောက်တနေ့မှာပဲ အချုပ်သား အများကြီးထားတဲ့ အချုပ်ဆောင် အဆောင် ၂ အခန်း ၅ ကို ပို့လိုက်တယ်။ ဒေါက်တော့မခတ်ဘူး။ အခန်းမှာ လူ (၃၀) လောက်ရှိတယ်။ ပြစ်မှုမျိုးစုံနဲ့ဘဲ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီမှာ အရေးခင်းကာလတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတောခိုလာသူ မင်းပြားက ကိုကိုဦးဆိုတဲ့ ကျောင်းသားကို အခန်းထဲမှာ လာတွေ့ တယ်။ ငါနေရတဲ့အခန်းလူကြီးက ခင်မောင်အေး။ သူက ကျေးပင်ကြီးရပ်ကွက်က ဦးမောင်စောဖြူထမင်းဆိုင်က အကြီးဆုံးသား။ MI 10 က စစ်ထောက်လှမ်းရေး လေးယောက်ကို သတ်မှုနဲ့ အဖမ်းခံထားရတဲ့သူ။ သူက ငါ့ကို အခန်း ရဲ့ဘုရားစင်အောက်မှာ နေရာကောင်းကောင်းချပေးတယ်။ ပြီးတော့ ငါနဲ့အပြင်မှာကတည်းက ရင်းနှီးတဲ့ ခင်မောင်အေးရဲ့ အမှုတွဲဖြစ်တဲ့ ကိုမောင်လှဖြူ။ ကိုမောင်လှဖြူဆိုတာက စစ်တွေမှာ သိပ်ကို နာမည်ကြီးတဲ့ လူငယ်သိုင်းသမား။ သိုင်းမှာ သိပ်ထူးချွန်တဲ့သူ။ သူက အချုပ်ထောင်ရုံးတာဝန်ခံ။ ကိုနိုင်နိုင်က အခန်း (၄) က အခန်းလူကြီးဖြစ်တယ်။ နောက်တယောက်က သိန်းအောင်ကျော်။ သူကလည်း အဆောင် ၂ အခန်း ၂ က အခန်းလူကြီးဘဲ။ ပြီးတော့ သိန်းအောင်ကျော်က ဆေးရုံကိုလည်းကိုင်ထားတဲ့ ဆေးရုံတာဝန်ခံ။ ဒီအဖြစ်အပျက်နဲ့တွဲပြီး ငါ ပိုမှတ်မိနေစေတာ နောက်တခုက ငါ့ကို အချုပ်ဆောင်ထဲပို့ပြီး နှစ်ရက်အကြာမှာ ဆရာကြီး ဦးဦးသာထွန်း ထောင်ထဲကိုရောက်လာတာပါဘဲ။ ဆရာကြီးဆိုတာက ရက္ခိုင်လူမျိုးတွေ အလွန် ချစ်ခင်လေးစား ကြည်ညိုခြင်းခံရတဲ့ ပညာရှင်တဦးပါ။ ပြီးတော့ ဉာဏ်ပညာပိုင်းမှာလည်း အံ့ခမန်း ထူးချွန်တဲ့ ပါရမီရှင်ပေါ့။ တိုင်းပြည်နဲ့ လူမျိုးအတွက် အရေးအကြီးဆုံး အချိန်ရောက်လာတဲ့အခါ လူကြည်ညိုခံ လေးစားခံ ပညာရှိ ပညာရှင်ဆိုတဲ့ နေရာမှာ အခန့်သား မနေနိုင်ဘဲ ဘေးအန္တရာယ် ရောပြွမ်းနေတဲ့ နိုင်ငံရေးလောကထဲသို့ ဇရာအရွယ်ရောက်နေသော်လည်း သူ့ခေတ် သူ့ကာလ က ပေးလာတဲ့ သမိုင်းပေးတာဝန်တရပ်ကို ရဲရဲဝံ့ဝံ့ ပြတ်သားစွာ ယူခဲ့သူပါ။ ဆရာကြီးဟာ ဒီမိုကရေစီအရေး။ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန် တိုက်ပွဲဝင်ဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ နာယကကြီးအဖြစ် ရှေ့တန်းက တာဝန်ယူခဲ့တယ်။ ပြီးတော့ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်တယ်။ ဆရာဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ် အရပ်ရပ်ကို မဲဆွယ် တရားဟော ထွက်ခဲ့တယ်။ မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ် တရားဟောပွဲမှာ တရားဟောနေစဉ် ဖမ်းဆီးခံခဲ့ရတယ်။ ရင်နာစရာ အလွန်ကောင်းတဲ့ သမိုင်းအမည်းကွက်တခုက ဆရာကြီးကို အမှုဆင် တရားစွဲသူဟာ မဆလတဦးဖြစ်တဲ့ ရက္ခိုင်လူမျိုး ဗိုလ်ချုပ်တဦးလည်းဖြစ်တဲ့ သူရဦးစောဖြူ ဖြစ်နေတယ်။ သူရစောဖြူဟာ လေယာဉ်မောင်းတာ အရမ်းတော်တယ်လို့ နာမည်ကြီးတဲ့ ပိုင်းလောဖြစ်သလို စစ်တွေ ဆန်ပြဿနာမှာလည်း ရက္ခိုင်တွေကို သတ်ခဲ့တဲ့ တရားခံအဖြစ် ရက္ခိုင်တွေက မှတ်ယူထားကြတယ်။ ဒါက ဘာကိုပြသလဲဆိုရင် ကိုယ့်လူမျိုးပေမဲ့ ရန်သူ့ဘက်တော်သား အာဏာရှင်တွေရဲ့ အလိုတော်ရိ အစေအပါးဖြစ်သွားတဲ့အခါ အလွန်ကြောက်စရာကောင်းတဲ့ ပုဆိန်ရိုးတချောင်း ဖြစ်သွားတယ် ဆိုတာပါဘဲ။ သူက ဆရာကြီးကို အမျိုးသားရေး တရားဟောတယ်လို့ စွဲချက်တင်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်။ ငါနဲ့ သိန်းအောင်ကျော်က အသက် နည်းနည်းကွာတယ်။ သူ့အမနဲ့မှ ကျောင်းနေဘက်။ ဒါပေမဲ့ သိန်းအောင်ကျော်ဆိုတာက စစ်တွေမြို့မှာ လူသိများသူ။ လူချစ်လူခင်များသူ။ စစ်တွေမှာပြောကြတဲ့ စကားနဲ့ဆိုရင် “ခေါင်းပေါ်” တွေထဲက တယောက်ပေါ့။ အဲဒီခေတ် အဲဒီအခါ ငါတို့ကျင်လည်ရတဲ့ စစ်တွေမြို့က လူငယ်စရိုက်ဆိုတာက တပါတီ အာဏာရှင် မဆလ ဖန်တီးထားတဲ့ လူငယ်ထုကို မူးယစ်ဆေးဝါးနဲ့ နစ်မျောခိုင်းနေတဲ့အချိန်။ ဖန်စီဒိုင်းတို့ မော်ဖိန်းတို့ လူငယ်တွေကြား ခေတ်စားတဲ့ ကာလပေါ့။ လူငယ်ထုက အဲဒီလောက အဲဒီအဝန်းအဝိုင်းထဲကမှာ တဝဲဝဲ လည်နေကြတယ်။ တချို့တချို့ကတော့ ဒီအဝိုင်းအဝန်းက လွတ်ကင်းကြတာလည်း ရှိကြပါတယ်။ မိဘဩဇာ မိဘလောင်းရိပ်မှာ ပိပိရိရိနေတဲ့သူတွေကတော့ လွတ်တာပေါ့လေ။ မိဘလောင်းရိပ်အောက်မှာ နေတဲ့ထဲကတောင်မှ လွတ်လပ်မှုကို တိတ်တခိုးရှာဖွေသူတွေက ဒီအဝန်းအဝိုင်းထဲ ရောက်လာတဲ့ အချို့တွေလည်း ရှိတာပေါ့။ သိန်းအောင်ကျော်နဲ့ ပတ်သက်လို့ ငါ မမေ့နိုင်တာတခုက ငါ အချုပ်ကနေ တရားရုံးထွက်စဉ်က စစ်တွေမြို့ထဲက စီဘီ အချုပ်ခန်းထဲမှာ ခဏဆုံကြတုန်းပေါ့။ ငါက စစ်ကြောရေးမှာ ခံထားရလို့ ဂိနေချိန် သူက “ကိုကျော် ဘာမှ အားမငယ်နဲ့။ ကျနော်တို့ ရှိတယ်”။ “ထောင်ထဲကို လာခဲ့” “ထောင်ထဲရောက်ရင် ကိုကျော် ဘာမှ ပူစရာမလိုဘူး။ ထောင်ထဲမှာ အကို့သူငယ်ချင်းတွေ အားလုံးကို စီးထားတယ်” လို့ ပြောဖူးတာ ရှိတယ်။ ...
