(အာရက္ခအားမာန် ရဲဘော်ကျော်ဟန်၏ ဘဝပုံရိပ်များ ၃၀) ဒုတိယပိုင်း
ဌေးဝင်း
အဖွဲ့အစည်းက တာဝန်ယူပြီး ဘာမှမလုပ်တဲ့အခါမှာ ငါ့အတွက် ခံပြင်းတဲ့ ငါ့အကိုတော်စပ်သူ အကိုကြီး ဦးမောင်နဲ့ ငါ့မိသားစု ငါ့ဆွေမျိုးသားချင်းတွေကဘဲ ဒီကောင့်ကို ဖမ်းကြတယ်။ ကြိုးနဲ့ ချည်ထားကြတယ်။ စစ်ဆေး မေးမြန်းပြီးတဲ့အခါမှာ ဒီကောင့်ကို ဝါးခပ်ချောင်းစခန်းကို ပို့ဖို့ စီစဉ်ကြတယ်။
ဒါကို AIO အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာခင်မောင်က
“ဒီကောင့်ကို ပြန်လွှတ်ပေးလိုက်ပါ။ အခုမှလည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”
ဆိုပြီး ပြောလာတဲ့အတွက် ပြန်လွှတ်ပေးလိုက်ရတယ်။ အဲဒီလို တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက် ကိုယ့်အဖွဲ့အစည်းကို ငါ မကျေနပ်တာ။ အဖွဲ့အစည်းထဲက ကိုယ်လူ အဖမ်းခံ သွားရတဲ့ကိစ္စကို ပြီးရင်ပြီးရောဆိုပြီး မျက်နှာလွှဲ ခဲပစ်လုပ်တာကို ငါ လုံးဝ လက်ခံလို့ မရဘူး။ လက်မခံနိုင်ဘူး။ ဒါကြောင့် AIO နဲ့ဆက်စပ်ပြီး ဆက်လုပ်ဖို့ကတော့ အစီအစဉ်မရှိ။ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက်။ ရှင်းရှင်းပြောရရင် မကျေနပ်။ ဒေါသ ထွက်တယ်။
သူတို့ကိုယ်တိုင် ဖလောင်းချိတ်ထိ လိုက်လာပြီး တာဝန်ပေးလို့ ငါဟာ ပြည်တွင်းထဲကိုဝင်ပြီး တာဝန်ယူ လုပ်ကိုင်ပေးခဲ့သေးတာဘဲ။ ဒီကောင် ဒလံက ပြောင်ပြောင်တင်းတင်းဘဲ မြစ်နားရွာကို ကိုယ့်နယ်မြေထဲကို ရောက်လာရဲ့သားနဲ့ ဘာကြောင့် ဖမ်းဆီးပြီး အပြစ်မပေးခဲ့ကြတာလဲ။ ဒါဟာ ငါ့ကို အားမနာလုပ်သလို ငါ့ကို တန်ဖိုးမထားတာ ဖြစ်တယ်။ ဒါကြောင့် ငါ AIO နဲ့တော့ ဘာမှ မပတ်သက်ချင်တော့ဘူး။
ကိုယ်ကတော့ ကိုယ့်လူတွေ ငါ့လိုမခံစားရအောင်ဆိုပြီး အနှိပ်စက်ခံပြီးတော့ ဖွင့်မပြောဘဲနဲ့ အသားနာခံပြီး ကြိတ်ပြီးတော့ ခံခဲ့တယ်။ ဒါပေမဲ့ ငါ့ကိုကျတော့ ဘာမှ စောက်ဂရုမစိုက်ကြပါလားလို့ ခံစားလာရတဲ့အခါ ရှင်းရှင်းပြောရရင် နာကျည်းတယ်။ တခါတခါ စိတ်နာနာနဲ့ ပြောဖူးတယ်။
“အဝေး.. တော်လှန်ရေး ရေး.. ရေး (ရဲ) ရဲရဲမြင်ရင် ရဲနေတဲ့ ငရုတ်သီးခြောက်ကိုတောင် စားဖို့ စဉ်းစားရမယ်” ဆိုပြီး ပြောဖြစ်တာမျိုး ရှိဘူးတယ်။ ရက္ခိုင်စကားသံမှာက ရေး နဲ့ ရဲကို အသံတူတူ ထွက်တယ်။
တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့ လူတွေနဲ့တော့ မလုပ်ချင်တော့ဘူး။ တချို့ ခေါင်းဆောင်တွေဟာ တာဝန်ယူမှု တာဝန်ခံမှု အားနည်းကြတယ်။ ဒီလောက် ရဲဘော်ရဲဘက်တွေ ခံရတာကို ဥပေက္ခာ ပြုကြတယ်။ ရှင်းရှင်းပြောရရင် ငါ့ကို ထောင်ဝင်စာ တခါလောက်တောင် လာတွေ့ဖို့ စီစဉ်ဆောင်ရွက်တာ မရှိဘူး။ စစ်တွေမှာ ယူဂျီတွေ မရှိတာမှ မဟုတ်တာ။ ကိုယ်ဖြစ် ကိုယ်ခံဆိုတဲ့ သဘောမျိုး ဖြစ်သွားတာကို ကြုံလာရတဲ့အခါ ဒေါသဖြစ်ရတာပေါ့။
နောက်တခုက ငါ့မိသားစုမှာ အခက်အခဲ ရှိတယ်။ အင်မတန် ရှိတယ်။ စီးပွါးရေး ကြပ်တည်းတယ်။ ငါ့မှာ တခြား မြို့တွေကိုလည်း သွားခွင့်မရတော့ စစ်တွေမှာဘဲ ငါ့မိတ်ဆွေ သူငယ်ချင်း တချို့တွေ လုပ်နေကြတဲ့ စည်ပင်က လေလံဆွဲပြီး လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ သားသတ်လိုင်စင် စျေးလိုင်စင် စတဲ့ အလုပ်မှာ ကြုံရာကျပန်း ဝင်လုပ်ပြီး စားဝတ်နေရေးကို ခက်ခက်ခဲခဲ ဖြေရှင်းနေရတယ်။
တဘက်မှာလည်း ငါ့ကို MI စစ်ထောက်လှမ်းရေးက တချိန်လုံး မျက်လုံးဒေါက်ထောက် စောင့်ကြည့်တာကို ခံနေရတော့ ငါ့အနေနဲ့ နေရထိုင်ရတာ မလွယ်။ ရက္ခိုင်တော်လှန်ရေးနယ်မြေ ဘင်္ဂလားဘက်ကို သွားရမှာကိုလည်း စိတ်ပျက်နေမိတဲ့အချိန်။
နောက်ပိုင်းမှာ ဘူးသီးတောင် မောင်တောဘက်ကို သွားလို့ ရလာတယ်။ မောင်တောဘက်ကို ဆေးပစ္စည်း အရောင်းအဝယ် သွားလုပ်ဖြစ်တယ်။ အဲလို သွားတဲ့အခါမှာ မောင်တောက အသိမိတ်ဆွေတချို့ ငါ့ကို တော်တော် ကူညီပေးခဲ့ကြတယ်။ ကားစီးရင်လည်း ကားခမယူ။ ထမင်းဆိုင်မှာ ထမင်းစားတာ တွေ့ရင်လည်း သူတို့ကဘဲ ရှင်းပေးပြီး သွားကြတယ်။ ငါ သူတို့ကိုလည်း တော်တော် ကျေးဇူးတင်သလို အသိအမှတ်လည်း ပြုတယ်။ ငါ့ကို တော်တော်များများက မောင်တောမြို့သားလို့တောင် ထင်ကြတယ်။
အဲလို ခရီးသွားလိုက်။ ဟိုလိုက်လုပ် ဒီလိုက်လုပ်နဲ့။ အလုပ်အဆင်ပြေလိုက် မပြေလိုက်နဲ့။ အဲလို ဟိုတွေး ဒီတွေးနဲ့ ယောင်လည်လည် ဖြစ်နေတဲ့ အခြေအနေမှာ အမေရိကားမှာနေတဲ့ အဖိုးညီအကိုတော်သူ အကိုတယောက်က
“ကျော်ဟန်.. မင်းအနေနဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေစေဖို့ ကိုယ်ပိုင်အလုပ်တခု လုပ်မှဖြစ်မယ်။ ခုလို ဟိုယောင်ယောင် ဒီယောင်ယောင် ကြုံရာကျပန်း လုပ်နေလို့က ဘယ်လိုမှ အဆင်ပြေလာမှာ မဟုတ်ဘူး”
လို့ ပြောဆိုလာတယ်။
သူက စေတနာနဲ့ အရင်းအနှီး စိုက်ထုတ်ပေးပြီး ကားလုပ်ငန်း လုပ်နိုင်ရင် ခုထက် ပိုမို အဆင်ပြေလာနိုင်တာကို ငါသိတယ်။ ဒါပေမဲ့ ငါတို့လို စာရင်းပေါက်ထားတဲ့ ထောင်ထွက် နိုင်ငံရေးသမားတယောက်အတွက် စစ်ထောက်လှမ်းရေးက သူတို့ မထင်ရင် မထင်သလို နှိပ်ကွပ်မဲ့ အန္တရာယ်ရှိနိုင်တာမို့ ငါက သူ့ကို ခုလို ပြန်ပြောပြလိုက်တယ်။
“အကို အကူအညီပေးမဲ့ အစီအစဉ်က အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ခက်တာက ကျနော်ရဲ့အခြေအနေ က ဓားသွားထက်မှာ လျှောက်သွားနေရသူလိုဘဲ။ အကြောင်းမညီညွတ်လို့ ဒီကောင်တွေ ထပ်ပြဿနာရှာရင် ကားရော လူရော အရင်းအနှီး အားလုံး ဆုံးရှုံးသွားမယ်။ ဒါကို ကျနော် မြင်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ ဖက်ဆစ်မြန်မာပြည်ထဲမှာ လုံးဝ မနေချင်ဘူး။ နေလို့ကို မဖြစ်နိုင်ဘူး။ ကျနော့်စိတ်ဓါတ်နဲ့ ကျနော့်အခြ်အနေက တနေ့မဟုတ်တနေ့ ဒီမှာနေရင် အဖမ်းခံရမှာ ဖြစ်တယ်”
လို့ သူ့ကို ပြောပြတော့ သူက
“ဒါဆိုရင် ငါဘာကူပေးရမလဲ”
လို့ ထပ်မေးလာတော့ ငါက
“ခုအချိန်မှာ ကိုရီးယားကို အလုပ်သွားလုပ်တာ ခေတ်စားနေတယ် အကို။ ဒါကြောင့် အကို အကူအညီပေးမယ်ဆိုရင် အဲဒီကိုသွားပြီး လုပ်ချင်တယ်။ အခြားလူတွေ အဆင်ပြေကြတာကို ကျနော် မြင်တွေ့ရတယ်”
လို့ ပြောတော့ အကိုက
“ဒါဖြင့် ငါ မင်းကို ကိုရီးယားသွားနိုင်ဖို့ လိုအပ်တဲ့ ငွေကြေးကို ကူညီပေးမယ်”
ဆိုလို့ တောင်ကိုရီးယားမှာ သုံးနှစ်လောက် အလုပ်သွားလုပ်မယ်ဆိုပြီး ငါ ဆုံးဖြတ်လိုက်တယ်။
ငါ ထောင်ထဲ မှာနေခဲ့ရစဉ်က ငါ့မိသားစုတွေက ငါ့အတွက် ပုံမှန် ထောင်ဝင်စာ လာတွေ့ရတယ်။ အထူးသဖြင့် ငါ့အဖေပေါ့။ မိုးရွာမရှောင် နေပူမရှောင်နိုင် ရုံးချိန်းတိုင်း လာတွေ့ရတယ်။ ဒါ့အပြင် ငါ့ကြောင့် အာဏာပိုင်တွေက အလုပ်အကိုင် အဆင်မပြေအောင် အနှောင့်အယှက် ပေးထားတာကြောင့် ငါ့ မိသားစုဟာ အစစအရာရာ ခက်ခဲခဲ့တယ်။ အဆင်မပြေခဲ့ကြဘူး။ ဒါကြောင့် မိသားစုကို ပြန်ကြည့်တဲ့အနေနဲ့ သုံးနှစ်လောက်တော့ မိသားစုကို လုပ်ကျွေးဦးမယ်ပေါ့။ အဲဒီတုန်းက ပတ်စ်ပို့ ဗီဇာက ၃ နှစ်ဘဲ ရတယ်။
နောက်တခု စိတ်ကူးရထားတာက နိုင်ငံခြားကို ရောက်တယ်ဆိုရင် နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရက္ခိုင်တွေနဲ့ အဆက်အသွယ် လုပ်မယ်။ သူတို့ကို စုစည်းနိုင်ရင် တော်လှန်ရေးအတွက် အင်နဲ့အားနဲ့ အကူအညီ ရနိုင်မယ်ဆိုတဲ့ အတွေးရှိတယ်။
ကိုရီးယားကို သွားဖို့ စီစဉ်တာနဲ့ ပထမဆုံး ကြုံရတဲ့အခက်အခဲက ငါတို့လို လူတွေအတွက် နိုင်ငံကူးလက်မှတ် ရဖို့က မလွယ်ဘူး။ ငါ့ရဲ့ အိမ်ထောင်စုစာရင်း ပုံစံ (၁၀) က စစ်တွေက ဖြစ်နေတော့ ငါ့အတွက် စစ်တွေရဲစခန်းက ထောက်ခံချက်ရဖို့ မဖြစ်နိုင်ဘူး။ ငါ့ရပ်ကွက်ကလည်း ငါ့ကို ထောက်ခံချက် ပေးမှာမဟုတ်ဘူး။ ဒီတော့ ကြံရပြန်တာပေါ့။
လူဝင်မှုကြီးကြပ်ရေး (လဝက) ကို ချဉ်းကပ်ပြီး သန်းခေါင်စာရင်းကို စစ်တွေကနေ နောက်တမြို့ကို ရွှေ့။ အဲဒီမှာ ခြောက်လလောက် အနေပြပြီးမှ ရန်ကုန်မြို့ကို ထပ်ပြောင်း။ အဲလိုလုပ်လိုက်မှ ပက်စပို့ လျှောက်ဖို့အတွက် အဆင်ပြေသွားတယ်။
ငါပတ်စပို့ လျှောက်နေတုန်း ရန်ကုန်မှာ နေစဉ်အတွင်း ထောင်ထဲမှာ ရင်းနှီးခဲ့တဲ့ ကိုနိုင်နိုင်နဲ့ တွေ့တယ်။ သူလည်း ရှစ်လေးလုံး အရေးအခင်းကာလက စစ်တွေမှာ စစ်ထောက်လှမ်းရေးကို သတ်တဲ့အမှုနဲ့ ထောင်ထဲမှာ နှစ်နဲ့ချီ နေခဲ့ရသူ တယောက်ဖြစ်တယ်။ နောက်ပိုင်းမှာ သူက အပြစ်မရှိဆိုပြီး ပြန်လွတ်လာခဲ့တဲ့သူ ပေါ့။
ငါလည်း သူ့ဆီကို ခဏခဏ သွားတယ်။ သူ့ဆီမှာ အိပ်တဲ့အခါလည်း အိပ်ဖြစ်တယ်။ သူနဲ့ လက်နက်ကိုင် တော်လှန်ရေးအကြောင်းကို တော်တော် ဆွေးနွေးဖြစ်တယ်။ သူလည်း ထိုင်းဘက်က ကရင်ဘက်က ရှမ်းဘက်က အခြေအနေတွေကို တော်တော် စိတ်ဝင်စားတယ်။ သူက (၈၈) လှူပ်ရှားမှုမှာ ပါခဲ့တဲ့ ဗမာလူငယ်တွေနဲ့ အသိအကျွမ်း တော်တော်ရှိတော့ ကရင်ဘက် ထိုင်းဘက်က လှုပ်ရှားနေတဲ့ ABSDF အခြေအနေတွေကို တော်တော် ပြောပြနိုင်တယ်။
ငါကလည်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိနေတဲ့ အခြေအနေတွေကို ပြောပြဖြစ်တယ်။ ဒီလို ပြောဆို ဆွေးနွေးကြရင်းနဲ့ ခေတ်ပညာတတ် ရက္ခိုင်မျိုးချစ်လူငယ်အဖွဲ့အစည်းတခု ထူထူထောင်ထောင်ဖြစ်လာဖို့ အရေးကြီးတယ်ဆိုတာကို သဘောတူကြတယ်။
ထောင်ထဲမှာ နေခဲ့တုန်းက အကိုကြီး ဆရာဦးဦးလှစော ဆွေးနွေးပြောပြခဲ့တာကလည်း ခေတ်သစ် ရက္ခိုင်လူငယ်နဲ့ ဗမာလူငယ်တွေ တခြားတိုင်းရင်းသားလူမျိုးလူငယ်တွေ အချင်းချင်း ချိတ်ဆက်တဲ့ အချိတ်အဆက်မိတဲ့ တော်လှန်ရေးတရပ် ဖြစ်ပေါ်ဖို့ လိုအပ်တယ်။ ဖြစ်အောင် လုပ်ဖို့လည်း လုပ်ရမယ်တဲ့။
အကိုကြီး ဆရာဦးလှစောရဲ့ အကြံဥာဏ် အမြော်အမြင်တွေဟာ ငါ့အတွက် လုပ်ငန်းစဉ်တွေ လမ်းစဉ်တွေအဖြစ် ခံယူသလို သူ့စကားတွေက ငါ့ကို ခွန်အားလည်း ဖြစ်စေတယ်။ အားမာန်လည်း ဖြစ်စေတယ်။
ငါ ထောင်က လွတ်လာပြီးနောက် အစ်ကိုကြီး ဆရာဦးဦးလှစောဆီကို အပတ်စဉ် သွားတွေ့ခဲ့တယ်။ သူ ထောင်က ပြန်လွတ်လာတဲ့အထိဘဲ။ သူ့အတွက် ထောင်ဝင်စာပို့ဖို့ စီစဉ်ပေးတဲ့ သူ့သူငယ်ချင်း ဆရာတယောက် ရှိတယ်။ အဲဒီဆရာဆီက ထောင်ဝင်စာထုပ်ကို ယူပြီး သူထောင်က လွတ်လာတဲ့နေ့အထိ ထောင်ဝင်စာကို ငါ သွားပို့ပေးခဲ့တယ်။ သူ ထောင်က လွတ်တဲ့နေ့မှာလည်း ညီမဝမ်းကွဲတယောက်နဲ့ ငါ ထောင်ဗူးဝမှာ သွားကြိုခဲ့ကြတယ်။ ပြီးတော့ ငါတို့သုံးယောက် အမျိုးသားဓါတ်ပုံဆိုင်မှာ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။ ငါ့အနေနဲ့ အစ်ကိုကြီး ဆရာဦးဦးလှစောကို လေးစားတယ်။ အားကျတယ်။ ဂုဏ်ယူတယ်။ သူ့ဆီက တော်လှန်ရေး အစာကို ငါစားသုံးခွင့်ရဖို့ ငါအမြဲတမ်း ကြိုးစားတယ်။
တခါတခါ သူတို့ ကျူရှင်ဆရာတွေ စုပေါင်းပြီး သောက်ကြတဲ့ဝိုင်းမှာလည်း ငါပါဖြစ်တယ်။ အဲဒီဝိုင်းမှာ တွေ့ဖြစ်တဲ့ ကျူရှင်ဆရာ တရုတ်အမျိုးသား ဆရာမြမောင်ကိုလည်း တော်တော် လေးစားတယ်။ တခြားဆရာတွေကိုလည်း လေးစားခဲ့တယ်။ နောက်ပိုင်းမှာလည်း ငါ ထိုင်းကို မထွက်လာခင်အထိ အကိုကြီး ဆရာ ဦးဦးလှစောနဲ့ တော်တော်များများ အချိန်ပေးပြီး တွေ့ဆုံဖြစ်ခဲ့တယ်။
ထောင်ထဲမှာ နေစဉ်တုန်းကလည်း တော်လှန်ရေးနယ်မြေက သတင်းတွေလည်း ကြားနေရတော့ ငါ အနောက်ဘက်ကိုတော့ သွားလို့ အဆင်မပြေနိုင်သလို ပြည်တွင်းမှာ နေလို့လည်း ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ပြည်ပကိုတော့ ထွက်ကို ထွက်ရမယ်။ နောက်နေရာ ဒေသတခုမှာ အုတ်မြစ်ချနိုင်ဘို့အတွက် လုပ်ရမယ်ဆိုတဲ့ အတွေးတွေက ရှိနေတယ်။ ပစ္စုပ္ပန်ကာလမှာ လှုပ်ရှားနေကြတဲ့ နယ်မြေတွေက မရှိမဟုတ် ရှိနေကြတာဘဲ။ ဒါပေမဲ့ လွတ်မြောက်နယ်မြေအဆင့်ထိ မဟုတ်ဘူး။ ရန်သူလာရင် ထွက်ပြေးနေရတဲ့ နယ်မြေသာ ဖြစ်တယ်။ အဲဒါက အောင်မြင်နိုင်မဲ့ အောင်မြေမဟုတ်လို့ ငါယူဆတယ်။ နေရာသစ်တခုမှာ မျိုးဆက်သစ် လူငယ်တွေနဲ့ တည်ဆောက်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်တခု ပိုမို ခိုင်မာလာခဲ့တယ်။
နေရာသစ်တခုကို တွေးထားတယ်။ အဲဒီအချိန်က Shan State Army (SSA) ကို အားကျတယ်။ SSA မှာလို ငါတို့မှာလည်း မျိုးဆက်သစ်လူငယ်တွေနဲ့ တည်ဆောက်လို့ရရင် ကောင်းမယ်ဆိုပြီး အခါခါ စိတ်ကူးမိတယ်။ တနေရာရာမှာတော့ အသစ်အသစ်သော အင်အားကို တည်ဆောက်ပြီး တော်လှန်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်က ယုံကြည်ချက်တွေ အားမာန်တွေ စိတ်ဓာတ်ခွန်အားတွေကို ဖြစ်ပေါ်လာစေခဲ့တယ်။
နောက်ထပ် ငါ့ကို ခွန်အားဖြစ်စေတဲ့ စကားတခွန်းကို ဆရာကြီး ဦးဦးသာထွန်း ပြောခဲ့တာလည်း ရှိသေးတယ်။ ဆရာကြီးက
“ဟေ့ကောင် ရေ. ဒီကောင်တွေကို စာအုပ်စာပေနဲ့ တိုက်လို့ မရတော့ဘူး။ သမိုင်းနဲ့ တိုက်လို့မရတော့ဘူး။ လက်နက်ကိုင်ပြီး တိုက်ရတော့မယ်။ ဒါမှသာ အဖြေထွက်မယ်။ ငါလည်းဘဲ ဒီနှစ်မှာ သေကိန်းရှိတယ်။ ဒီနှစ်သာ ငါမသေခဲ့ဘူးဆိုရင် နောင် အနှစ် နှစ်ဆယ် သုံးဆယ် အသက်ရှည်မဲ့ ဇာတာရှိတယ်”
လို့ ပြောဘူးခဲ့တယ်။ သူက ဗေဒင် လက္ခဏာ ပညာရှင်လည်း ဖြစ်တော့ ကိုယ့်ဇာတာကို ကိုယ်တိုင်ဖတ်နိုင်သူ မဟုတ်လား။ သူသေတဲ့အချိန်က အသက် ၇၂ နှစ်။ တကယ်သာ အသက်ရှည်ခဲ့ရင် ရာကျော်မဲ့သဘော။ ဆရာကြီး ပြောလိုရင်းက ထောင်က လွတ်ရင်တော့ ငါ ဒီကောင်တွေရဲ့ နယ်မြေမှာ နေလို့မရတော့ဘူး။ လွတ်မြောက်နယ်မြေကိုသွားပြီး လက်နက်ကိုင်တော့မယ်လို့ ပြောတဲ့သဘောပေါ့။ ဒါကြောင့် ငါကတောင်
“ဆရာကြီးသာ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောထဲကို ဝင်လာခဲ့ရင် မရေတွက်နိုင်တဲ့ လူငယ်တွေ တော်လှန်ရေးသမားတွေ ရောက်လာကြမှာ မြေကြီးလက်ခတ် မလွဲဘူးဘဲ။ ခုလို ဆရာကြီးရဲ့ စကားကို ကြားရတာ ဝမ်းသာလိုက်တာဗျာ”
လို့ အဲဒီလို ပြောခဲ့သေးတယ်။ ဆရာကြီးလို ပုဂ္ဂိုလ်တယောက် ရောက်တာနဲ့ အခြားလူ အယောက်တရာ ရောက်တာနဲ့ မတူဘူးလေ။
ငါ့ဖြတ်သန်းမှုအရ ငါတို့ ဘာကြောင့် မအောင်မြင်ကြတာလဲ။ ငါတို့မှာ ဘာအားနည်းချက် ရှိသလဲ ဆိုတာကို သုံးသပ်ကြည့်မိတဲ့အခါ ဒီလို တွေ့ရတယ်။
ငါတို့ဆီက တော်လှန်ရေးသမားတွေဟာ ငါတို့လူမျိုးတွေ ကြားထဲမှာတော့ သူ့အဝိုင်းဝန်းနဲ့ သူနေရာနဲ့သူ နာမည်ကြီးတယ်။ ဒါပေမဲ့ ကြီးတဲ့နာမည်လောက် တကယ်တန်းမှာ အင်အားကမရှိ။ ပြီးတော့ များသောအားဖြင့် ခေါင်းဆောင်နဲ့ နီးစပ်ရာလူတွေ ဝန်းရံ စုစည်းထားတာ များတယ်။ နီးစပ်ရာ လူရင်းတွေကို ဗဟိုပြု စည်းရုံး လှုပ်ရှားတာက လုံခြုံရေးအရ အရေးပါတယ်လို့ တွေးတာလည်း ဖြစ်နိုင်တယ်။ သစ္စာရှိမှုက အရေးကြီးတယ်လေ။
တကယ်လို့ နိုင်ငံရေး တော်လှန်ရေးမှာ ဒီလို သစ္စာရှိမှုကို မရတဲ့အခါ အကြောင်းမညီညွတ်မှု တခုခု ပေါ်လာတဲ့အခါ လုပ်ကြံသတ်ဖြတ်တာတွေ တစင်ခွဲထောင်တာတွေ ဖြစ်လာတတ်ကြတယ်လေ။ ပြိုကွဲဖို့ အလွန်လွယ်ပါတယ်။
ပြီးတော့ ငါတို့ ရက္ခိုင်တွေကို လွှမ်းခြုံပြီးမိနေတဲ့ ဂျင်းတခုက သက်ရောက်မှု ကြီးလွန်းပါတယ်။ အဲဒါက တော့ “ရက္ခိုင်ဧက ဒွေးမရ” ဆိုတဲ့ စကားပါဘဲ။ ဂျင်းဆိုပေမဲ့ မမှန်ဘူးလားလို့မေးရင် သိပ်ကို မှန်တယ်ဆိုတာကို သမိုင်းနဲ့ချီ သက်သေခံခဲ့ကြပြီဘဲ။
သူ့အဓိပ္ပါယ်က ရက္ခိုင်တယောက်ကို အခြားလူမျိုးကြားမှာ ထားကြည့်လိုက်။ သူဟာ ဘယ်လိုပင် ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ရပါစေ။ အချိန်ကာလတခုကို ရောက်လာရင် တိမ်မြုပ် ပျောက်ကွယ်မသွားဘဲ ထိပ်တန်းကို ရောက်ကို ရောက်လာတယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ ရက္ခိုင် နှစ်ယောက်ထက်ကျော်ပြီး သုံးယောက် စုမိလာပြီဆိုရင် တော်လာ ထက်လာမဲ့အစား ပြဿနာတွေ တက်ရောလို့ ဆိုချင်တဲ့ သဘောပါ။ အရှင်းဆုံး ပြောရရင် ရက္ခိုင်တွေဟာ ရက္ခိုင်လူမျိုးအချင်းချင်း စုပေါင်းလုပ်ဆောင်နိုင်စွမ်း အားနည်းတယ်လို့ ဆိုချင်တာပေါ့။
တကယ်ရော မဟုတ်ဘူးလားဆိုရင် ကြည့်ကြည့်ပါ။ ပညာတတ်တဲ့သူတွေကို ကြည့်မလား။ သူတို့ ပညာရှင်တွေ စုပေါင်းပြီး သူ့လူမျိုးအတွက် အလုပ်လုပ်ကြတာ မရှိသလောက် ရှားတယ်။
သူ့ တကိုယ်ရည် စွမ်းဆောင်မှုနဲ့တော့ အနဲအကျဉ်း လုပ်တာရှိတယ်။ ဒါပေမဲ့ သူ့ဘဝ မိသားစုဘဝအတွက်လောက်သာ လုပ်တယ်။ ဥစ္စာဓန ကြွယ်ဝချမ်းသာသူတွေကို ကြည့်မလား။ အာဏာရှိသူ ဩဇာတိက္ကမ ကြီးသူတွေကို ကြည့်မလား။ အတူတူဘဲ တွေ့နေရတယ်။
ဒါဟာ ဘာကြောင့်လဲ။ အဖြေကို မိတ်ဆွေတို့ကဘဲ ပေးပါလို့ ပြောချင်တယ်။ မိတ်ဆွေတို့ ပေးတဲ့မှတ်ချက်ကို ငါလည်း သိချင်တယ်။
နိုင်ငံရေး တော်လှန်ရေးဆိုတာ ပုဂ္ဂလိက ကိစ္စမဟုတ်ဘူး။ ဗဟုကိစ္စ။ အများကိစ္စ။ တတိုင်းပြည်လုံးက ပြည်သူတွေကိစ္စ ဖြစ်တယ်။
ဒီလို အခြေအနေမျိုးမှာ ရက္ခိုင်ဧက ဒွေးမရဆိုတဲ့ ဂျင်း စကားပုံကိုလည်း ချေဖျက်ပစ်နိုင်ဖို့ လိုတယ်။ ဒီလို ဖြစ်လာဖို့ဆိုရင် ငါတို့ ဘယ်လို လုပ်ကြရမလဲ။
ငါတို့ဆီမှာ သံလိုက်တုံးကြီးတတုံးလို ဆွဲငင်အားပြင်းထန်တဲ့ ခေါင်းဆောင်တယောက် ပေါ်ထွန်းလာဖို့ လိုတယ်။ အားကောင်းတဲ့ သံလိုက်တုံးကြီးဟာ ပြန့်ကျဲနေတဲ့ သံတို သံစ သံမယ်ကလေးတွေကို အလွယ်တကူ သူ့အနားကို ဆွဲငင်နိုင်သလိုမျိုး သန်းနဲ့ချီတဲ့ ပြန့်ကြဲနေတဲ့ ရက္ခိုင်တွေကို စုစည်းနိုင်မဲ့ ခေါင်းဆောင်ဘဲ လိုအပ်နေတာ။
အဲဒီခေါင်းဆောင်ကို ငါ တွေ့အောင်ရှာမယ်။ ဒီလို ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုအနောက်မှာ ရက္ခိုင်ဧကတင်မက ဒွေးများစွာကိုပါ ရစေရမယ်။ မီလျှံနဲ့ ချီလို့ကို ရစေရမယ် ဆိုတာ ငါ ယုံကြည်တယ်။
ငါတို့ဟာ ဒီမတရား ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင် စနစ်ဆိုးတွေကို ဘဝတွေ အသက်တွေ အိုးအိမ် စည်းစိမ်တွေကို ရင်းနှီးပေးဆပ်ပြီး တော်လှန်ပုန်ကန်လာကြတာ သမိုင်းနဲ့ ချီလာပြီးပြီ။
ဒီ အာဏာရှင်စနစ်ဆိုးကို တိုက်ရင်းနဲ့ ငါ့အရင်က မိဘ ဘိုးဘွား တော်လှန်ရေးသမား နိုင်ငံရေးသမားကြီးတွေ တော်လှန်ရေးလမ်းဟာ ငါတို့ လက်ထက်ထိတိုင် ဆက်လက်ပြီး ရှေ့သို့ ချီနေဆဲဘဲ မဟုတ်လား။
အောင်ပွဲရသည်ထိ ဆက်လက် တိုက်ပွဲဝင်မဲ့ ငါတို့လို လူငယ်မျိုးဆက်သစ်တွေ ဆိုတာလည်း ဆက်လက် ပေါက်ဖွားလာနေဦးမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲဘဲ မဟုတ်လား။
ဒီအာဏာရှင် စနစ်ဆိုးကို ငါတို့လိုဘဲ နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရတဲ့ အခြားသော လူမျိုးတွေလည်း ဒီလိုဘဲ ခေါင်းငုံ့မခံ အရှုံးမပေးဘဲ တိုက်ပွဲဝင်နေကြသည်ဘဲ မဟုတ်လား။
ဓားကောင်းတလက် ဖြစ်ဖို့ဆိုတာ ရဲရဲနီနေတဲ့ မီးကျီးခဲထဲမှာ နာနာဖုတ်ပြီး ပေပေါ်မှာတင်ကာ နာနာ ထုရတာဘဲ မဟုတ်လား။
ဒီလို နာနာထုလို့ ဓားကောင်းဟာ တစစီ သံမှုန် ဖြစ်သွားရိုး ရှိဖူးလို့လား။
နာနာထုလေ ဓားကောင်းလေဘဲ မဟုတ်ဘူးလား။
ငါတို့ဟာ ဒီလို မာကြော ခိုင်ခံ့ အစွမ်းထက်တဲ့ သံမဏီဓားတွေလို လူငယ်မျိုးဆက်တခုနဲ့ ဒီအာဏာရှင်စနစ်ဆိုး အဆောက်အဦကို ခုတ်ဖြတ်နိုင်တဲ့နေ့ သမိုင်းသစ်တခု ရေးထိုးနိုင်မဲ့ တနေ့အတွက် ငါတို့ ဆက်လက် ချီတက် ရဦးမယ်။
