အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ အမ်း၊ သံတွဲ၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တွေမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ လုပ်လာနိုင်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် ၃ မြို့နယ်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့် နောက်ထပ် ၄ မြို့နယ်မှာပါ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ဆိုရင် လျှပ်တပြတ်တိုက်ပွဲတွေနဲ့ အရေးပေါ်လုပ်ကြံမှုတွေကို လုပ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောပါတယ်။
အဲဒါအပြင် တောင်ကုတ်၊ အမ်း၊ သံတွဲနဲ့ ဂွမြို့နယ် အနီးတဝိုက်တွေမှာ သူတို့ တပ်စွဲနိုင်တဲ့ နေရာတွေမှာ ပြည်သူတွေကို ချောဆွဲပြီး မဲထည့်ခိုင်းတာမျိုးတွေလည်း လုပ်လာနိုင်ပါတယ်။
ဒါပေမယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာထက် စစ်ကော်မရှင်ကို စစ်ရေးနဲ့ အနိုင်တိုက်ဖို့ပဲ လိုတယ်လို့ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ လျှပ်တပြတ် တိုက်ပွဲတွေနဲ့ အရေးပေါ် လုပ်ကြံတာမျိုးတွေနဲ့ မဖြစ်ဘူးလို့ ပြောလို့ မရဘူးလေ။ နောက်တစ်ခုက အမ်းတို့၊ ဂွတို့၊ သံတွဲတို့ကလူတွေကို ဖမ်းပြီးတော့ အဲဒီမြို့မှာ မဟုတ်ဘဲနဲ့ အဲဒီနားက စစ်တပ် တပ်စွဲနိုင်တဲ့နေရာမှာပဲ လူတွေကို ချောဆွဲပြီးတော့ မဲထည့်ခိုင်းတာမျိုးတွေ ဒါတွေနဲ့လည်း ဖြစ်နိုင်တာပဲလေ။ သူတို့က ဝါဒဖြန့်ချင်တာပဲလေ။ လူ ၅ ယောက်ရရ၊ ၁၀ ယောက်ရရဆိုတော့ ဒီလောက် လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းအကြီးကြီးက လူ ၂၀၊ ၃၀ လောက် မဲထည့်အောင် သူတို့ ဖမ်းပြီး လုပ်လို့ရတယ်။ နောက် ဒီကြားထဲမှာလည်း လိမ်အုံးမှာကို။ အဲဒီတော့ သူတို့ကိုတော့ သွားပြောနေလို့ မရဘူး။ စစ်ကို အနိုင်တိုက်ဖို့ပဲ။ သူတို့နောက်ကို လျှောက်လိုက်မနေနဲ့။ သူတို့ကတော့ လိမ်မှာပဲလေ။ ခင်ဗျားတို့က လိမ်ပါတယ်လို့ ပြောလည်း ကမ္ဘာကြီးက သူတို့ဟာနဲ့သူတို့ အလုပ်များနေတာ။ ပြည်တွင်းကလည်း ဘယ်သူ ပြောရဲလို့လဲ။ အဲဒါတွေကတော့ မဖြစ်ဘူး ဖြစ်မယ်ဆိုတာတွေကတော့ ဖြစ်အောင်လုပ်ရင် ဖြစ်မှာပဲ လိမ်မှာကိုကွ။ သေနတ်ရှိတယ် လိမ်မယ် ပိုက်ဆံရှိတယ် နောက် အတင်းအဓမ္မလုပ်မယ် အဲဒါတွေကို ပေါင်းစပ်လိုက်ရင်တော့ တို့က အဲဒါတွေ မလုပ်နိုင်အောင်ထက် စစ်အနိုင်တိုက်ဖို့ပဲ သူတို့ အတင်းအဓမ္မ လုပ်မှာပဲ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကော်မရှင်ဟာ အမ်း၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ကို စက်တင်ဘာ ၂၆ ရက်နေ့မှာ တောင်ကုတ်မြို့ကို ဗုံးကြဲပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ သံတွဲမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ ရက္ခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေရာတော်တော်များများကို လက်လွှတ်ဆုံးရှုံးထားရပေမယ့် ရွေးကောက်ပွဲကို နေရာတော်တော်များများမှာ လုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် ရွေးကောက်ပွဲကို လုပ်နိုင်တဲ့ဒေသမှာ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဟန်ပြလုပ်ဆောင်နေတာ ဖြစ်တယ်လို့ တရုတ် မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ သူကတော့ ဒီလိုပဲ ပြောလာမယ်လေ။ သူက ရွေးကောက်ပွဲကို နေရာတော်တော်များများမှာ လုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်တာကို။ အဲဒီတော့ ဟန်ရေးပန်ရေးနဲ့ လုပ်တာပဲ။ ‘ဝ’ နယ်တွေ၊ မိုင်းလားတွေတောင်မှ ဟိုတလောက မာရှယ်လောတွေ ဘာတွေ ထုတ်သေးတာပဲ။ တခါတလေကျတော့လည်း သူတို့ ရှေ့နဲ့နောက်နဲ့လည်း တိုက်မိတာ မဟုတ်ဘူးလေ။ ဘာတွေလျှောက်လုပ်နေမှန်းတောင် မသိဘူး။ အဓိကက သူတို့ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲကို လုပ်နိုင်တဲ့ဒေသမှာ လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့ တပိုင်းပေါ့လေ” လို့ ပြောပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ကြိုးစားနေပြီး မကြာခင် ထိန်းချုပ်နိုင်တော့မယ်လို့ ဝါဒဖြန့်ချီနေတာလည်း ဖြစ်ပါတယ်။
