အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆)
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူ ၆ သိန်းနီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး၊ စီမံကိန်း ဘဏ္ဍာရေး နှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ နွေဦးဘဏ်ဟာဆိုရင် ၂၀၂၆ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှာ ၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး နိုင်ငံ (၂၃) နိုင်ငံမှာ အသုံးပြုသူ (၆) သိန်းနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။
SDB ဟာ အာဆီယံဒေသရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော crypto ဘဏ်လည်း ဖြစ်ပါတယ်။
“၃ နှစ်တာကာလအတွင်း transaction ငွေကြေးလွှဲပြောင်းမှုပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံခန့်ရှိတဲ့ အခြေခံဘဏ်လုပ်ငန်ဝန်ဆောင်မှုများ၊ ပြည်သူ့ရန်ပုံငွေမြှင့်တင်ရေးအစီအစဉ်များ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်လူထုကွန်ရက်များအကြား လုံခြုံလွတ်လပ်သော အစားထိုး ငွေကြေးဝန်ဆောင်မှုများကို ပိုမို တိုးခဲ့လာနိုင်တာဟာ လူထုအောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း ဘဏ္ဍာရေး နှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင်လည်း ကမ္ဘာကျော် နိုင်ငံတကာ အိတ်ချိန်းဖြစ်သည့် MEXC ပလက်ဖောင်းတွင်လည်း တရားဝင် ဈေးကွက် ဝင်ရောက်နိုင်ခဲ့တဲ့ တိုးတက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်အနေနဲ့ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဆိုတဲ့ မဏ္ဏိုင် ၂ ရပ်ကို ဗဟိုပြုပြီး တော်လှန်ရေးပန်းတိုင် ရောက်တဲ့အထိ ဆက်လက် ရပ်တည်သွားမယ် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ကတိပြု ပြောကြားထားပါတယ်။
