အာရက္ခအားမာန်ရဲဘော်ကျော်ဟန် – အပိုင်း ၂၅
ဌေးဝင်း
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများအစား ပါတီများရဲ့ နိုင်ငံရေးသမားများက ပါတီစည်းရုံးရေး လှုပ်ရှားလာကြတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) က ရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးမယ်လို့ ကတိပေးထားတာကို။ ဒါပေမဲ့ နယ်စပ်အသီးသီးသို့ ထွက်ခွါသွားကြတဲ့ ကျောင်းသားလူငယ်များကလည်း လက်နက်ကိုင်တော်လှန်ရေးအတွက် ကြိုးစားကြသလို နဝတ က ကြိုဆိုရေးစခန်းတွေ ဖွင့်ပြီး ပြန်ခေါ်လို့ အလျှိုလျှို အိမ်ပြန်သွားကြသူတွေလည်း မနည်းဘူး။
ငါကတော့ ယူဂျီဘဝနဲ့ ဆက်လက် လှုပ်ရှားနေတုန်း။ ရက္ခိုင်ပြည် အလယ်ပိုင်းက အခြေအနေကို သိချင်လို့ ငါဟာ မောင်တောက အသိတယောက်နဲ့အတူ မော်တော်ဘုတ်နဲ့ ကျောက်ဖြူကို လိုက်လာခဲ့တယ်။ ဒီဘုတ်က ပုဇွန်ဝယ်တဲ့ဘုတ်။ ဘင်္ဂလားဒေ့ရှ်ကို ပုဇွန်မှောင်ခိုပို့တဲ့ဘုတ်ပေါ့။ ဒါပေမဲ့ ပုဇွန်က ဝယ်မရတော့ ဆန်ဝယ်မယ်ဆိုပြီး စနဲကို ဆက်သွားကြတယ်။ စနဲမှာ ဆန်ဝယ်လို့ရတယ်လို့ သတင်းကြားရလို့လေ။
ငါတို့ဘုတ် စနဲကို ရောက်သွားတဲ့အခါ ကျောက်ဖြူက ကျောင်းသားခေါင်းဆောင် ကိုသန်းဌေးနဲ့ ဆုံတယ်။ သူနဲ့အတူ သပိတ်အတွင်းရေးမှူးနဲ့ပါ တွေ့တယ်။ သူ့နာမည်တော့ ငါ မမှတ်မိတော့ဘူး။ သူတို့က ငါ့ကိုပြောတာက
“ကျနော်တို့ဟာ စစ်တပ်က ဖမ်းဖို့လိုက်နေလို့ တိမ်းရှောင်နေရတယ်။ ဖမ်းမိသွားရင် အသတ်ခံရမယ်ဆိုတာ သေချာတယ်။ သိပ်မကြာခင်ကလည်း တပ်တောင်မှာ လာရှောင်တိမ်းနေတဲ့ အရေးခင်းကာလက လှုပ်ရှားတဲ့ ကျောင်းသားလူငယ် ၇ ယောက်ဟာ စစ်တပ်ဆီမှာ ကြားလူနဲ့ အဆက်အသွယ်လုပ်ပြီး အဝင်ခံပြီး အဖမ်းခံတာကို အသေသတ်ပစ်လိုက်တာ ရှိတယ်”
လို့ ပြောပြတယ်။ ငါက သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်က တော်လှန်ရေးသမားတွေရဲ့ အခြေအနေတွေ NUFA အခြေအနေနဲ့ ကျောင်းသားတွေရဲ့ အခြေအနေတွေကို သေသေချာချာ ပြောပြလိုက်တယ်။ ပြီးတော့ ငါက
“အကိုတို့အနေနဲ့ ခုအချိန်မှာ ရက္ခိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရှိတဲ့ နေရာကို သွားရောက်သင့်တယ်”
လို့ အကြံပေးလိုက်လို့ သူတို့နှစ်ယောက်ဟာ ခေါင်းချင်းဆိုင်ပြီး တနာရီနီးပါး တီးတိုးတိုင်ပင်ကြတာကို တွေ့ရတယ်။ အဲဒီနောက်မှာ ကိုသန်းဌေးက
“ဒါဆိုရင် ကျနော်တို့ အစ်ကိုတို့နဲ့အတူ လိုက်လို့ရရင် လိုက်ချင်တယ်”
လို့ ပြောလာတော့ ငါကလည်း ကြည်ကြည်ဖြူဖြူနဲ့ လိုက်ခဲ့ဖို့ လက်ခံလိုက်တယ်။ အဲဒီနောက် ဆန်တင်ပြီးတဲ့အခါ ငါတို့ဟာ စနဲကနေ ထွက်လာခဲ့ကြတယ်။
ငါတို့ဘုတ် ပင်လယ်ပြင်ကို တနာရီကျော်ကျော်လောက်ဘဲ ခုတ်မောင်းလာတုန်းဘဲ ရှိသေးတယ်။ ရုတ်တရက် ချက်ချင်းကြီးဘဲ ရာသီဥတုဟာ ပြောင်းလဲသွားတယ်။ ကောင်းကင်တခုလုံး မှောင်မည်းသွားတယ်။ လေပြင်းတွေ တိုက်တယ်။ လှိုင်းကြီးလာတယ်။ မုန်တိုင်းတိုက်လာတယ်။ ကမ်းမမြင် လမ်းမမြင် မိုးသက်လေပြင်း လှိုင်းကြီးလေထန်တဲ့ မုန်းတိုင်းအောက်မှာ နှစ်နာရီလောက် ကြာသွားပြီးနောက် လေတိုက်တာ ငြိမ်သွားတော့ ငါတို့ဟာ ကျောက်ဖြူကို ပြန်လှည့်လာကြတယ်။ ကျောက်ဖြူမှာ တရက်နားပြီး ငါတို့ဘုတ်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်လာခဲ့ကြတယ်။ ဘင်္ဂလားကိုရောက်တော့ ကိုသန်းဌေးက
“ACP က ခေါင်းဆောင်တွေနဲ့ အရင်တွေ့ချင်တယ်”
လို့ ပြောတဲ့အတွက် ငါဟာ သူတို့နှစ်ယောက်ကို ACP ကလူတွေ စုနေတဲ့ ကယုချောင်းက ဖုရားသိမ်ကို ပို့ပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ကိုသန်းဌေးဟာ ရက္ခိုင်ကျောင်းသားဥက္ကဌအဖြစ် တာဝန်ယူခဲ့တယ်။
နဝတ စစ်အစိုးရက ပြည်တော်ပြန်ကြိုဆိုရေး စခန်းတွေဖွင့်ပြီး ပြန်ခေါ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရက္ခိုင်ကျောင်းသား သပိတ်ကော်မတီကလူတွေ တော်တော်များများလည်း ပြန်ဝင်သွားကြတယ်။ မပြန်ဘဲ ဆက်နေခဲ့ကြသူတွေလည်း ရှိတယ်။
ဒီလိုနဲ့ တနေ့မှာ ကိုစောထွန်းက ငါ့ကို ဖလောင်းချိတ်မှာ စောင့်နေခိုင်းထားတယ်။ ငါစောင့်နေတဲ့နေအိမ်ကို ကိုစောထွန်းနဲ့အတူ ဒေါက်တာခင်မောင်နဲ့ ကျောင်းသားဥက္ကဌ ကိုသန်းဌေးတို့ ရောက်လာကြတယ်။ သူတို့နဲ့အတူ အရင်က ငါ တခါမှမတွေ့ဖူးတဲ့ လူတယောက် ပါလာတယ်။
ကိုစောထွန်းနဲ့ ဒေါက်တာခင်မောင်က ငါ့ကို အဲဒီလူနဲ့ မိတ်ဆက်ပေးတယ်။ ကိုသန်းဌေးကလည်း
“ဒါ ကျနော်နဲ့ သိပ်ရင်းနှီးတဲ့မိတ်ဆွေပါ။ ဘာမဆို ယုံကြည်စွာနဲ့ လက်တွဲလို့ရတယ်”
ဆိုပြီး ပြောတယ်။ ကိုစောထွန်းနဲ့ ဒေါက်တာခင်မောင်က ငါ့ကို
“ကျော်ဟန် မင်း သူနဲ့အတူ လိုက်သွားရမယ်။ စစ်တွေဘက်မှာ အလုပ်ကိစ္စ တခုရှိတယ်”
လို့ ပြောတယ်။ လုပ်ရမဲ့ကိစ္စကို ပြောပြတယ်။ ကိုသန်းဌေးကလည်း
“ကျနော့်သူငယ်ချင်းကို ယုံကြည်စိတ်ချစွာ လက်တွဲလို့ရတယ်”
ဆိုတာကို ထပ်ပြီး ပြောလာတယ်။ သူကလည်း ငါ့ကိုကြည့်ပြီး ပြောတာက
“ကျနော်နဲ့ စိတ်ချစွာ လက်တွဲလို့ရပါတယ်။ အလုပ်လုပ်တဲ့အခါကျတော့ ပိုသိလာမှာပါ”
လို့ ပြောတယ်။ ငါလည်း
“ဟုတ်ကဲ့.. ကျနော်လည်း အတူတူပါဘဲ”
လို့ ပြန်ပြောလိုက်တယ်။
ခဏနေတော့ ကိုသန်းဌေးနဲ့ အဲဒီလူတို့ ပြန်ထွက်သွားကြတယ်။ ကိုစောထွန်းနဲ့ ဒေါက်တာခင်မောင်က အလုပ်ကိစ္စအသေးစိတ်ကို ရှင်းပြပြီး ပြန်သွားကြတယ်။ နောက်တနေ့မှာ ငါနဲ့ ကိုသန်းဌေး သူငယ်ချင်းတို့ စစ်တွေခရီးကို စတင်ခဲ့ကြတယ်။ စစ်တွေကိုရောက်ပြီးနောက်တနေ့မှာ သူ့အိမ်မှာ ထမင်းစားဖို့ဖိတ်ပြီး အမျိုးသမီးတယောက်နဲ့ တွေ့ပေးကာ အလုပ်ကိစ္စ ပြောကြတယ်။
အဲဒီနောက်မှာတော့ ဒီလူနဲ့ စစ်တွေကို မြေအောက်လုပ်ငန်း လုပ်ဆောင်ဖို့ ထွက်လာမိတာဟာ ငါ့အတွက်တော့ မြွေပွေးခါးပိုက်ပိုက်မိတဲ့ အဖြစ်ဆိုတာ အလွန်နောက်ကျမှဘဲ သဘောပေါက်ခဲ့ရတယ်။
ခုတော့ ရန်သူ့လက်တွင်းသို့ ကျရောက်သွားခဲ့ရပြီး စစ်ကြောရေးမှာ ငရဲတမျှ ရက်စက်မှုဒဏ်ကို သေလုမျောပါး ခံစားခဲ့ရတယ်။ စစ်ကြောရေးငရဲစခန်းကို ကျော်ဖြတ်လာပြီးနောက်မှာ ငါဟာ စစ်တွေထောင်ရဲ့ ကြိုးတိုက်ဆောင်ဝင်းထဲက တိုက်အမှတ် ၁ ရဲ့ ဘယ်ဖက်အစွန်ဆုံး အခန်း (၁၁) မှာ။ ဒီအခန်းကနေ ဘယ်ဘက် ပေ (၂၀) လောက်အကွာမှာ ကြိုးစင်ရှိတယ်။ ဒီအခန်းကျဉ်းလေးမှာနေရင်း ပုဒ်မ ၁၇/၂ ၁၇/၁ နဲ့ တရားတဘောင် ရင်ဆိုင်နေရပြီဖြစ်တယ်။
