NewsPolitic

အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်း မဖန်တီးနိုင်သရွေ့ စစ်ဘောင်ကျယ်နေမယ်လို့ ပြော

အာရက္ခတိုင်းမ်စ် ( ၁ ဒီဇင်ဘာ ၂၀၂၄ ခုနှစ်)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်း မဖန်တီးနိုင်သရွေ့ စစ်ဘောင်ကျယ်နေမှာ ဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။

ကျယ်ပြန့်နေတဲ့ စစ်ဘောင်ကို ချုံ့ပြီး နိုင်ငံရေးဘောင်ကို ပိုမိုကျယ်ပြန့်စေချင်ပါက သဘောထားကြီးကြီးနဲ့ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်သင့်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

 “All inclusive ပေါ့။ အားလုံးပါဝင်နိုင်ရင်တော့။ ဘာလို့ဆို နိုင်ငံရေးမှာက ကိုယ့်ယုံကြည်ချက်၊ ခံယူချက်တွေ၊ အမြင်တွေ အမျိုးမျိုးကွဲပြားနေကြတာပဲ။ ကိုယ့်ပါတီထဲမှာတောင်မှ ဗဟိုကော်မတီထဲမှာ အမျိုးမျိုး ကွဲပြားတဲ့ လူတွေ ရှိနေတယ်။ အဲဒီတော့ ပါတီတွေ၊ ပါတီတွေထဲမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အမြင် ရှိတယ်။ စကားပုံတစ်ခုရှိတာပေါ့။ ကွဲပြားမှုကနေ စည်းလုံးမှုတစ်ခုကို တစ်ပြည်လုံးမှာရှိတဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ အများပြည်သူရဲ့ အကျိုးစီးပွားကတော့ နိုင်ငံရေးအရ နိုင်ငံရေးဘောင်ကျယ်ပြန့်အောင်ကတော့ သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ လုပ်သင့်တာပေါ့။ အဲဒါကြောင့် အားလုံးပါဝင်နိုင်အောင် လုပ်နိုင်ရင်တော့ ဦးတို့နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းဟာ အင်မတန်လှပတဲ့ နိုင်ငံရေးသမိုင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်” လို့ပြောပါတယ်။

လွှတ်တော်အတွင်းမှာ တိုင်းရင်းသားတွေနဲ့ လူထုလူတန်းစားအလွှာတွေကို ကိုယ်စားပြုသူတွေ ကျယ်ပြန့်စွာ ပါဝင်လာဖို့ အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်း၊ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်မှာ ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက နိုဝင်ဘာ ၁၉ ရက်မှာ ပြောကြားထားပါတယ်။

နိုင်ငံရေး ဘောင်ကို ကျယ်ပြန့်စေလိုပါက နိုင်ငံရေးလမ်းကြောင်းနဲ့ သွားချင်တဲ့ စိတ်ဆန္ဒ ပြင်းပြဖို့ အရေးကြီးကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းတွေကြားမှာ ကိုက်ညီအောင် အရင် အဖြေရှာဖို့လိုအပ်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ပဲ ပြောရင် နိုင်ငံရေးလမ်းကြောင်းနဲ့ သွားချင်တဲ့ စိတ်ဆန္ဒပိုပြီး ပြင်းပြဖို့ပဲ အရေးကြီးတယ်။ အဲဒီတချက်ကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ အဲဒီစိတ်ဆန္ဒက နည်းနေတယ်။ အစိုးရဘက်က ရှိပေမယ့် EAOs ဘက်က မရှိတာမျိုး၊ အစိုးရဘက်ကကမ်းလှမ်းပေမယ့် EAOs ဘက်က မလိုက်လျောချင်တာမျိုး။ တစ်ခါ EAOs ဘက်က လိုချင်တဲ့ပုံစံနဲ့ အစိုးရက မပေးနိုင်တဲ့ဟာမျိုး အဲဒီဟာတွေကို ကိုက်ညီအောင် အရင်ဖြေရှင်းဖို့လိုတယ်။ အဲဒါတွေ ပြီးမှပဲ နိုင်ငံရေးဆိုင်ရာမူတွေက အရှေ့ကို တက်မှာ။ အဲဒီတော့ ပြည်တွင်း အပိုင်းကို လေ့လာတာထက်၊ တချို့ကကြ ပြည်ပအကူအညီတွေ၊ ဖိအားတွေ ဘာတွေ ထည့်တွက်တက်ကြတယ်။ ကျနော်တို့အမြင်မှာတော့ ပြည်တွင်းမှာဖြစ်နေတဲ့ ပြဿနာကို အရင်ဆုံး ပြည်တွင်းမှာ အဖြေရှာနိုင်တဲ့ အဆင့်တစ်ခု နေရာတစ်ခု ရှိပြီးမှပဲ ကျန်တဲ့အပိုင်းတွေ ပါဝင်ပတ်သက်တာက အောင်မြင်မှုကို ရနိုင်လိမ့်မယ်လို့ပဲ မြင်ပါတယ်။ ကိုယ့်အချင်းချင်း ပြည်တွင်းမှာပဲ ဖြေရှင်းရမယ့်ကိစ္စကို ဖြေရှင်းနိုင်တဲ့ level တစ်ခုကို ရောက်သွားရင်တော့ အဲဒီလုပ်ငန်းစဉ်တွေ ချောမွေ့သွားပါလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရက္ခိုင်ပြည်အပါအဝင် နေရာဒေသပေါင်းစုံမှာ စစ်ပွဲတွေ ပိုမိုဖြစ်ပွားပြီး စစ်ဘောင် ကျယ်နေတာတွေ လျော့သွားစေဖို့ နည်းလမ်းရှာသင့်တယ်လို့ ထောက်ပြကြပြီး အဲဒီနည်းလမ်းဟာလည်း နိုင်ငံရေး ဘောင်ကို ကျယ်ပြန့်လာစေပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်ဖို့ပဲ ရှိတယ်လို့ နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

ဒ့ါအပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံဘက်က နိုင်ငံ‌ရေးပါတီတွေကို ဖိတ်ခေါ်ခဲ့တာ၊ တရုတ်ဘက်က မြောက်ပိုင်း ၃ ဖွဲ့ကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေပိတ်ကာ ကုန်သွယ်မှုတွေကို ဖြတ်တောက်ထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကူညီပေးဖို့ ကမ်းလှမ်းထားကြပါတယ်။

Related posts

ရက္ခိုင်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်စလာနိုင်

Rakhita Times

ကျောက်ဖြူနဲ့ အမ်းကို သိမ်းနိုင်ရင် တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဆွေးနွေးလို့ ရပြီ

Rakhita Times

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီ ဗုံးကျဲ၊ ဘုန်းတော်ကြီးကျောင်းပျက်စီး၊ ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

Rakhita Times

Leave a Comment