အာရက္ခတိုင်းမ်စ် (၂၇ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ၂၀ရက်နေ့က အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် (နပခ)တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက လုပ်ဖော်ကိုင်ဖက် အရာရှိစစ်သည်တွေကို လက်နက်ချ အလင်းဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော်က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရုပ်သံမှတ်တမ်းမှာ (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ရဲ့ ပြောဆိုထားတဲ့ ရုပ်သံ (video) လည်း ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ ခေါင်းဆောင်မှု မပီသတဲ့ စစ်ကောင်စီ လက်အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်တာ မပြုကြဖို့နဲ့ အာရက္ခတပ်တော်ထံ ဆက်သွယ်ပြီး အလင်းဝင်ကြဖို့ ၎င်းက တိုက်တွန်း ထားပါတယ်။
ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက“မင်းတို့တွေအနေနဲ့ ခေါင်းဆောင်မှု မပီသတဲ့ လူတွေရဲ့ လက်အောက်မှာ အသေခံပြီး တာဝန် ထမ်းဆောင်ခြင်း မပြုကြဖို့နဲ့ အာရက္ခတပ်တော်ကို ဆက်သွယ်ပြီးတော့ လက်နက်ချ အလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလဲ အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချကြပါ အာရက္ခတပ်တော်အနေနဲ့ လက်လွတ်စပယ် မလုပ်ပါဘူး ဥပဒေနဲ့ အညီဘဲ ဆက်ဆံပါတယ်” လို့ သူက ဆိုပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်က ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်း စတဲ့ ၁၄မြို့နယ်တို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေ အနေနဲ့ ရက္ခိုင်မှာ စစ်ရှုံးနေတာကို လက်ခံပေးဖို့ နဲ့ ပြည်သူတွေကို ဗုံးကြဲနေတာ ရပ်တန့်ဖို့လည်း နပခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းထားပါတယ်။
“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ၊ ဘဝတွေကို ငဲ့ညှာသောအားဖြင့် ရက္ခိုင်ပြည်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကြဲနေတာတွေ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုအနေနဲ့ ပြည်သူတွေရဲ့ အမှန်းတရားတွေ နာကျည်းမှုတွေကိုဘဲ မျိုးဆက်အလိုက် ရရှိခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်” လို့ ပြောဆိုထားပါတယ်။
ဒီဇင်ဘာလ ၁၇/၁၈ ရက်တွေမှာ စစ်ကောင်စီတပ်က ဂွမြို့နယ်၊ “ အလယ်ရွာ” “ ကို လည်းကောင်း၊ ဒီဇင်ဘာလ (၂၁) ရက်မှာလည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့ အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်တွေကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ အခုလို မီးရှို့ဖျက်ဆီးမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုရဲ့ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်နေမှုတွေကို အာရက္ခတပ်တော်အနေနဲ့ သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်မတွေ နဲ့ အမိန့်ပေး၊ ညွှန်ကြားချက် ပေးသူတွေကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုတွေနဲ့ ထိုက်တန်သော ပြစ်ဒဏ်တွေကို စီရင်ချမှတ်သွားမယ်လို့ ဆိုထားပါတယ်။
