NewsPolitic

စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်တွေ ၁၀ ရက်နေ့အထိ ပြည့်နေ

အာရက္ခတိုင်းမ်စ် (၃၁ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်၊ စစ်တွေကနေ ရန်ကုန်ကိုသွားတဲ့ လေယာဉ်လက်မှတ်တွေက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ပြည့်နေပြီဖြစ်တယ်လို့ လေယာဉ်လက်မှတ်ရောင်းတဲ့သူတွေထံကနေ သိရပါတယ်။

စစ်တွေမြို့မှာ အာရက္ခတပ်တော်နဲ့ ​စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာ၊ ညပိုင်းတွေမှာ စစ်တွေမှာရှိတဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်နေတာကြောင့် စစ်တွေမြို့ဒေသခံ တော်တော်များများဟာ ရန်ကုန်ကို တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။

လေယာဉ်လက်မှတ်ဈေးတွေလည်း အရင်က စစ်တွေကနေ ရန်ကုန်ကို ၄ သိန်းခွဲပဲပေးရပေမယ့် ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကနေစပြီးတော့ ၅ သိန်းခွဲဖြစ်သွားကြောင်း သိရပါတယ်။

စစ်တွေကနေ ရန်ကုန်ကို တစ်နေ့လျှင် လေယာဉ် ၃ စီးနဲ့ ပျံသန်းနေပြီး လေယာဉ်တစ်စီးကို ခရီးသည် ၇၀ ပါတယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ စစ်တွေကိုသွားတဲ့ လေယာဉ်လက်မှတ်က ဝယ်ရလွယ်ပြီးတော့ စစ်တွေကနေ ရန်ကုန်ကို သွားတဲ့ လေယာဉ်လက်မှတ်က ဝယ်ရခက်တယ်လို့ စစ်တွေက လေယာဉ်လက်မှတ် ရောင်းတဲ့သူတစ်ယောက်က ပြောပါတယ်။

“ လက်မှတ်ကတော့ စစ်တွေကနေတော့ အလာတော့ များတယ်။ လက်မှတ်ဈေးကလည်း ၅ သိန်းခွဲလောက် ရှိတယ်။ အရင်တုန်းကဆိုရင်တော့ ၄ သိန်းခွဲလောက်ပဲ ရှိတာပေါ့။ ၄ သိန်းခွဲ မရဘူးလားဆိုတော့ ရတယ်။ ၁ လပိုင်း ၂၀ လောက်မှ ၄ သိန်းခွဲတန် ရှိမယ်။ ဒီကြားအတွင်း သွားမယ်ဆိုရင်တော့ မရနိုင်ဘူး။ လက်မှတ်တွေလည်း မရှိဘူး၊ ၁၀ ရက်နေ့ နောက်ဆုံးပဲ။ စစ်တွေဘက်မှာ လက်နက်ကြီးတွေ တအားကြီးပစ်တယ်လို့ ပြောတယ်။ အဲဒါနဲ့ စိုးရိမ်ပြီးတော့ လာတဲ့သဘော။ ရန်ကုန်တော့ အလာများတယ်။ ရန်ကုန်ကနေ စစ်တွေကိုကျတော့ နည်းတယ်။ ဝန်ထမ်းပိုင်းလောက်ပဲ သွားတယ်။ တချို့ သွားတယ်ဆိုတာကလည်း ရန်ကုန်မှာ နေရထိုင်ရတာ အဆင်မပြေတော့လို့ စစ်တွေကို ပြန်မယ် အဲဒီလိုမျိုးတွေတော့ ရှိတယ်။ နည်းတယ်။ လက်မှတ်တွေလည်း ဒီနေ့ဆို ဒီနေ့ ဝယ်လို့ရတယ် လက်မှတ်က တအားချောင်တယ်။ စစ်တွေကနေ ရန်ကုန်က လက်မှတ်တအားကြပ်တာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေတပ်သင်္ဘောနဲ့ ကြည်းတပ်တွေ၊ စစ်တွေမြို့တွင်းမှာရှိတဲ့ အမှတ် ၁၂ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က စပြီးတော့ နေ့စဉ်နဲ့အမျှ ပစ်ခက်နေတာပဲ ဖြစ်ပါတယ်။

ပြီးတော့ စစ်တွေမြို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်တာတွေ လုပ်တော့မယ်ဆိုပြီး သုံးသပ်နေကြတာကြောင့် စစ်တွေမြို့ဒေသခံတွေက တိမ်းရှောင်ဖို့ လုပ်နေကြတာပဲ ဖြစ်ပါတယ်။

 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ရက္ခိုင်ဒေသခံ တော်တော်များများဟာ အလုပ်လက်မဲ့တွေ များလာနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်တွေမြို့ဒေသခံတချို့ဟာ ရန်ကုန်ကိုသွားဖို့ အခက်အခဲရှိသလို ရန်ကုန်မှာ ၁၁/ မှတ်ပုံတင် ကိုင်ထားတဲ့ ရက္ခိုင်ဒေသခံတွေကို ဖမ်းဆီးနေတာတွေကြောင့် မသွားရဲကြဘူးလို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“ သွားဖို့လာဖို့ဆိုတာက ခရီးစရိတ် အခက်အခဲရှိတယ်။ အခုချိန်မှာ အလုပ်အကိုင် ရှားပါးနေတဲ့အချိန် ဘယ်သူမှ အလုပ်မလုပ်ရတာ ၁ နှစ်ရှိပြီ။ လက်ရှိ အန်တီကိုယ်တိုင် အလုပ်မလုပ်ဘဲနဲ့ ၁ နှစ်ကျော်ပြီနေတာ။ လက်နက်ကြောင့်မို့လို့ ပြေးကြတယ် ဘာညာဆိုတာကတော့ ပြေးကောင်းလည်း ပြေးကြမှာပေါ့။ ဒါပေမယ့် အန်တီနေတဲ့ ပတ်ဝန်းကျင်မှာကတော့ တစ်ယောက်မှ မသွားဘူး။ များသောအားဖြင့် အန်တီနေတဲ့ ပတ်ဝန်းကျင်မှာ လက်လုပ်လက်စားတွေ များတယ်။ လက်လုပ်လက်စားတွေ များပြီးတော့ တစ်နေ့လုပ်မှ တစ်နေ့ စားရတာ။ ဝင်ငွေမရှိတဲ့သူတွေ အများကြီးရှိတယ်။ သူတို့ပြောနေသလိုမျိုး လေယာဉ်ကွင်းကို အများကြီး သွားကြတယ်ဆိုတာတော့ အဲဒါကတော့ အန်တီတော့ မဟုတ်ဘူးလို့ ပြောချင်တာပေါ့နော်။ ဘာလို့မဟုတ်ဘူးဆိုတော့ အန်တီတို့ ၁၁/ တွေကလည်း တော်ရုံတန်ရုံ ရန်ကုန်ကို သွားရဲကြမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်တွေမြို့ဒေသခံတွေဟာ ရက္ခိုင်ပြည်မှာ တိုက်ပွဲပြန်ဖြစ်တဲ့ ကာလကနေစပြီးတော့ ရက္ခိုင်က လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ

ရှိသလို ရန်ကုန်နဲ့ မန္တလေးမြို့တွေကိုလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရန်ကုန်ကို ရောက်နေတဲ့ စစ်တွေဒေသခံတချို့ကတော့ အလုပ်အကိုင် အဆင်မပြေတာ၊ လုံခြုံရေးအခြေအနေတွေကြောင့် စစ်တွေကို ပြန်နေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ AA ကို တိုက်ခိုက်နိုင်တဲ့ အဖွဲ့မရှိ

Rakhita Times

စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

Rakhita Times

KNU တို့ ဟန်ချက်ညီညီ ဆက်တိုးကြမယ်ဆိုရင် စစ်ရေးပိုပြင်းထန်လာနိုင်

Rakhita Times

4 comments

Leave a Comment