NewsPolitic

မအလက သူ့အန္တရာယ်မရှိသေးသရွေ့ EAO တွေကို လျစ်လျူရှုထားမယ်

အာရက္ခတိုင်းမ်စ် (၁၆ မတ် ၂၀၂၅)

စစ်ကောင်စီခေါင်းဆောင်ဟာ သူ့ရဲ့ အသက်အန္တရာယ်နဲ့ ရာထူးတို့အပေါ်မှာ အန္တရာယ်မရှိသေးသရွေ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လျစ်လျူရှုထားဦးမှာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သူ့အနေနဲ့ လုံးဝ ထွက်ပေါက်ပိတ်သွားတဲ့အခါမျိုးဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စကားပြောလာနိုင်သလို သူအားကိုးတဲ့ နိုင်ငံတွေကိုလည်း စေ့စပ်ညှိနှိုင်းပေးဖို့ ပူဆာလာနိုင်တယ်လို့ သူက ပြောပါတယ်။

ဦးမျိုးကျော်က “သူ့အနေနဲ့ လုံးဝအခုအချိန်ထိတော့ သူ့အသက်ကို သော်လည်းကောင်း၊ သူ့ရဲ့ရှိနေတဲ့ရာထူး ရပ်တည်မှုကို သော်လည်းကောင်း အခုအချိန်ထိ အန္တရာယ်ပြုမှု မရှိသေးဘူးလို့ သူထင်တယ်ပေါ့လေ။ အဲဒါမျိုး သူရပ်တည်လို့ မရတော့ဘူး ထွက်ပေါက်တွေ အကုန်လုံး ပိတ်လာတယ်ဆိုရင်တော့ သူတိုင်းရင်းသားတွေကိုလည်း ပြောနိုင်သလို သူအားကိုးပါတယ်ဆိုတဲ့ ဆရာကြီးတွေကိုလည်း ပူဆာပြီးတော့ ညှိနှိုင်းပေးပါ စေ့စပ်ပေးပါဆိုတဲ့ ဟာမျိုး ခေါ်ပေးနိုင်တယ်ပေါ့။ အောက်ကြေး ဆင်းနိုင်တယ်ပေါ့။ အဲဒီလို အနေအထားကို မရောက်ရင်တော့ တိုင်းရင်းသားတွေကိုလည်း သူ ဂရုစိုက်မှာမဟုတ်ပါဘူး။ သူ့အတွက် အန္တရာယ်မရှိဘူးဆိုရင် သူ လျစ်လျူရှု ထားဦးမှာပါပဲ” လို့ ပြောပါတယ်။

လက်ရှိအနေအထားအရ စစ်ကောင်စီဘက်မှ တွေ့ဆုံဆွေးနွေးရေးတွေကို လိုလိုလားလားနဲ့ လုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ အချိန်ဆွဲချင်ရုံသပ်သပ်သာ လုပ်ဆောင်နေတာဖြစ်တယ်လို့ ထောက်ပြတာတွေရှိပါတယ်

ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေးတွေ လုပ်တဲ့အခါမှာလည်း ၂၀၀၈ အခြေခံဥပဒေကို ကိုင်ဆွဲပြီး အပေါ်စီးကနေ ဆွေးနွေးတာဖြစ်တဲ့အတွက် ပလောင်တပ်ဖွဲ့ TNLA တို့နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ဆွေးနွေးပွဲ ပျက်သွားခဲ့တာကနေ ဒီကနေ့အထိ ဘယ်တိုင်းရင်းသား အဖွဲ့အစည်းနဲ့မှ တွေ့ဆုံမှု မရှိသေးတာပါ။

တစ်နိုင်ငံလုံးမှာ ကျယ်ပြန့်နေတဲ့ တိုက်ပွဲအနေအထားတွေအရ အရင်နှစ်တွေကထက်စာရင် ၂၀၂၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အများကြီး ပိုကောင်းတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုကတော့တစ်နိုင်ငံလုံးစစ်ပွဲတွေက ပြန့်‌နေတယ်ဆိုတဲ့အခါမှာတော့ ဘာပဲဖြစ်ဖြစ်အခုချိန်ထိ တခြားတခြား အချိန်အခါထက်စာရင် တိုင်းရင်းသားအင်အားစုတွေ ဘက်မှာကတော့ တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ နယ်မြေမှာ သူတို့ ရပ်တည်လို့ လွယ်တယ်၊ ထိန်းထားလို့ ရတယ်ဆိုတဲ့ အနေအထား ဖြစ်တယ်။ သူတို့ကို အကြီးအကျယ် ထိုးစစ်တွေ ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အရင်လို စစ်အာဏာရှင်တွေရဲ့ ထိုးစစ်အန္တရာယ်မရှိတဲ့ တောအတွင်းမှာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ သူတို့ စိုးမိုးတဲ့နယ်မြေတွေ အနေနဲ့ကတော့ အခွင့်အခါကောင်းတယ်လို့ပဲ မြင်ရတယ်။ ဒါပေမယ့် အဲဒီဟာမှာတောင်မှ စစ်မိစ္ဆာတွေက ရံဖန်ရံခါဆိုသလို လေကြောင်းကနေ ဗုံးကြဲတာတို့ ဘာတို့ ဒါမျိုးတွေတော့ ရှိနေတာပေါ့။ ဒါပေမယ့် အခြေအနေတွေကတော့ အရင်ကထက် အများကြီး ကောင်းတယ်လို့ပဲ မြင်ပါတယ်” လို့ သူက ပြောပါတယ်။

တစ်နိုင်ငံလုံး မတည်ငြိမ်နေတဲ့ အနေထားမှာ စစ်ကောင်စီခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အစောဆုံး ကျင်းပသွားမယ်ဆိုပြီး ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ်မှာ ထုတ်ဖော် ပြောဆို သွားပါတယ်။ နေရာအနှံ့အပြား တိုက်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာ ရွေးကောက်ပွဲကို ဘယ်လိုပုံစံ ကျင်းပပြီး ဘယ်လိုပုံစံ လုံခြုံရေးတွေ ပေးမလဲဆိုတာ

မေးခွန်းထုတ်စရာရှိသလို ရွေးကောက်ပွဲက တကယ်ရော ဖြစ်လာပါ့မလားဆိုပြီးလည်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

Related posts

နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူပို့တဲ့စစ်ကြောင်း AA တိုက်ခိုက်လို့ တပ်ပျက်ထွက်ပြေး

Rakhita Times

မြေမြှုပ်မိုင်း နင်းမိလို့ တောင်ကုတ်ဒေသခံတစ်ဦး ဒဏ်ရာရ

Rakhita Times

AA ထိန်းချုပ်တဲ့ ၄ မြို့နယ်မှာ စကမ က ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်လာနိုင်

Rakhita Times

17 comments

Leave a Comment