အာရက္ခတိုင်းမ်စ် (၁ ဧပြီ ၂၀၂၅)
ရက္ခိုင်ပြည် မြောက်ဦးမြို့ကို မနေ့က (၃၁ မတ်) ညသန်းခေါင်တွင် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ မြောက်ဦးမြို့ဒေသခံတစ်ဦီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ အသံကြားတာနဲ့ ချတော့မယ်ဆိုတာ သိလိုက်လို့ ဗုံးခိုကျင်းထဲ ဝင်နေလိုက်တာ။ အိမ်နားက ဦးလေးတစ်ယောက်တော့ ခေါင်းကို အစမှန်ပြီးတော့ ပွဲချင်းပြီးဆုံးသွားတယ်” လို့ မြောက်ဦးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်နေ ဦးအောင်ကျော်ဇံ (၆၆ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။
“ အခုက ဗုံးအလုံးလိုက် ကြဲတာမဟုတ်ဘူး။ Cluster (ဗုံးပဒေသာ) နဲ့ ကြဲ၊ ကြဲတာက တစ်ခုထဲ။ ဒါပေမယ် ဆင့်ကဲ လေးနေရာမှာ ပေါက်ကွဲတာ” လို့လည်း သူက ထပ်မံပြောပါတယ်။
အလားတူ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို မနေ့က နေ့လည်ပိုင်းတွင် စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဆရာတော် ၁ ပါး နဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ဆရာတော် ၁ ပါး ကိုရင် ၁ ပါး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် ပြည်သူအများအပြားသေဆုံးခဲ့ပြီး အကူအညီတွေ လိုအပ်နေချိန်မှာ စစ်ကောင်စီဟာ ပြည်သူတွေရှိရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လျက် ရှိနေပါတယ်။