NewsPolitic

အမ်းမြို့ပေါ် တိုက်ပွဲရှောင်တွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂ ဧပြီ ၂၀၂၅)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ အမ်းမြို့မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် မြို့ပေါ်က တိုက်ပွဲရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမ်းမြို့နယ်က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့နေရာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ အာရက္ခတပ်တော်က ထိုးစစ်ဆင်ပြီး ထိန်းချုပ်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အမ်းမြို့တိုက်ပွဲမှာ စစ်ကောင်စီက တခြားမြို့နယ်တွေထက် အမ်းမြို့ပေါ်မှာ မြေမြှုပ်မိုင်းကို ပိုပြီး အသုံးပြုခဲ့တာ​ကြောင့် ဒေသခံတွေက နေရပ်ကို မပြန်ရဲကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အမ်းမြို့အနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတိုက်ပွဲရှောင်တွေကတော့ ကိုယ့်ကျေးရွာမှာ ပြန်လည်နေထိုင်နေကြပြီလို့ အမ်းမြို့ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အမ်းမြို့ပေါ်တော့ နေရပ်မပြန်ရသေးဘူး။ အထူးသဖြင့် စစ်ကောင်စီကနေပြီးတော့ မြေမြှုပ်မိုင်းတွေ အသုံးပြုခဲ့တဲ့အတွက်ကြောင့် အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်းကို အသည်းအသန် ရှင်းနေရတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒါကြောင့် မြို့ပေါ်က စစ်ဘေးရှောင်တွေ ပြန်နေလို့ မရတဲ့ အနေအထားလို့ သိရတယ်။ ကျေးရွာတွေက တိုက်ပွဲရှောင်တွေက ကိုယ့်ရဲ့ နေရပ်ကို ပြန်နေကြပြီပေါ့။ ပြန်နေကြတာ များတယ်ပေါ့။ အမ်းကိုလည်း ဗုံးလာကြဲနိုင်တယ်။ မြေမြှုပ်မိုင်းတွေလည်း အများကြီး အသုံးပြုခဲ့တယ် ကျန်တဲ့မြို့ထက်တောင် အသုံးပြုခဲ့တာ တွေ့ရတယ်ပေါ့။ မြေမြှုပ်မိုင်းက နေရာတိုင်းမှာ ရှိနေသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လမ်းတွေကလည်း မပြီးသေးတဲ့အခါမှာ အဲဒါကြောင့် မြို့ပေါ်ကို ပြန်လို့မရတဲ့ အနေအထားမှာ ရှိနေသေးတယ်ပေါ့” လို့ ပြောပါတယ်။

ကျေးရွာတွေကို နေရပ်ပြန်နေထိုင်ကြတဲ့ တိုက်ပွဲရှောင်တွေမှာလည်း တိုက်ပွဲရှောင်ချိန်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ သူခိုး ခိုးခံရတာတွေကြောင့် အခက်အခဲ ဖြစ်နေတဲ့အပြင် အလုပ်အကိုင်ရှားပါးတာ၊ ကျေးရွာအနီးတစ်ဝိုက်မှာ မြေမြှုပ်မိုင်းတွေ ရှိနိုင်တာကြောင့်လည်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အမ်းမြို့နယ်က တိုက်ပွဲရှောင်တွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူရအုံးမှာ ဖြစ်တယ်လို့ အမ်းမြို့ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တချို့ အခက်အခဲတွေ ကြုံနေရတယ်ပေါ့။ အချိန်မီ စပါးမရိတ်သိမ်းနိုင်တာ ကြုံရတယ်။ နောက်ပြီးတော့ သူတို့မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ သူခိုးအဖောက်ခံရတယ်ပေါ့။ လုပ်ငန်းရှင်တွေကျပြန်လည်းပဲ ပြောင်းသွားတာတွေလည်း ရှိတယ်ပေါ့။ အဲဒါ စိန်ခေါ်မှုတွေတော့ များတယ်လို့။ အဓိကတော့ ကိုယ့်အိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေက ဆုံးရှုံးတော့ မလွယ်တဲ့အနေအထားမှာတော့ ကြုံရတယ်ပေါ့နော်။ အခုလက်ရှိအနေအထားဆို အမ်းမြို့နဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေမှာဆိုရင်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ကြီးကြီးမားမားလည်း ရှာကျွေးလို့ မရတဲ့အနေအထားမှာ ရှိနေတာပေါ့။ ပစ္စည်းတွေကလည်း သူခိုး ခိုးခံရတာ ရှိတယ်။ စစ်ဘေးရှောင်တွေက ပြန်လည်ထူထောင်ဖို့အတွက် အချိန်ပေးရလိမ့်မယ်လို့ ထင်တယ်။ စားဝတ်နေရေးအတွက် အလွယ်တကူ မသွားရဲတဲ့ အနေအထားမှာ ရှိတယ်ပေါ့။ မြေမြှုပ်မိုင်းတွေက နေရာတကာမှာ မြှုပ်ထားတဲ့အခါမှာ အဲဒီလိုမျိုး စိန်ခေါ်မှုတွေ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပြန်လည်ထူထောင်ရေးတွေ လုပ်နေပေမယ့်လည်း အမ်းမြို့နယ်မှာတော့ မြေမြှုပ်မိုင်းကို အဓိက ရှင်းလင်းနေပြီး လယ်ယာမြေစာရင်း ပြုစုတာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆွေးနွေးတာတွေကို လုပ်ဆောင်နေလျက် ရှိတယ်လို့ အမ်းမြို့ဒေသခံတွေထံကနေ သိရပါတယ်။

Related posts

စစ်ကောင်စီက မောင်တော နယ်ခြားစောင့်ဌာနချုပ်ကို ဗုံးကြဲ

Rakhita Times

ရက္ခိုင်နယ်စပ် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ AA ထိုးစစ်ဆင်

Rakhita Times

ခွန်ဥက္ကာ ဦးစီးသော PNLO-NCA-S သည် တရားမဝင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ကြေညာ

Rakhita Times

Leave a Comment

preload imagepreload image