အာရက္ခတိုင်းမ်စ် (၂၁ ဇူလိုင် ၂၀၂၅)
အာရက္ခတပ်တော်ရဲ့ ထောက်ပို့ ဗိုလ်ယက္ခဆိုပြီး မီဒီယာအချို့မှာ သုံးနှုန်းနေသူဟာ အတာဆိုသူဖြစ်ပြီး တရားခံပြေးတယောက်သာ ဖြစ်တယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုပါတယ်။
“သူ့နာမည်က အတာ။ မီဒီယာအချို့မှာ ဖော်ပြနေကြသလိုမျိုး ဗိုလ်ယက္ခ မဟုတ်ပါ။ သူဟာ လွန်ခဲ့တဲ့ သံတွဲတိုက်ပွဲကာလတုန်းက တိုက်နယ်မှူးတွေရဲ့ နောက်ကလိုက်ပြီးတော့ ထမင်းချက်တာ၊ ရိက္ခာနည်းနည်းပါးပါး ပြောင်းပေးတာတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒါတွေကို အခွင့်ကောင်းယူပြီးတော့ ဟိုတယ်ဇုန်တွေက ပစ္စည်းဖောက်ထွင်းခိုးယူတာတွေကို အုပ်စုဖွဲကျူးလွန်ခဲ့သူဖြစ်ပါတယ်” ဦးခိုင်သုခက ပြောပါတယ်။
အတာ ဆိုသူဟာ မွန်-ဗမာစပ် တဦးဖြစ်ပြီးတော့ သူ့အမျိုးသမီးဟာ ကျောက်တော်သူ တဦးဖြစ်တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော် သံတွဲမြို့ကို ထိုးစစ်မဆင်မီ ကာလများတွင် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တောရပ်ကွက် နေထိုင်သူတဦး ဖြစ်တယ်လို့ သိရပါတယ်။
အတာ ဆိုသူဟာ အာရက္ခတပ်တော်က သံတွဲမြို့နယ်သိမ်းအပြီးတွင် ပစ္စည်းမျာခိုးယူခြင်း၊ ရန်ကုန်ရောက် ရက္ခိုင်များထံဆက်သွယ်ကာ ငွေကြေးလိမ်လည်ခြင်း စသည်များ ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
“ဒါကြောင့် သူ့ကို သက်ဆိုင်ရာအုပ်ချုပ်ရေးဘက်က လွန်ခဲ့တဲ့လထဲမှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးနေစဉ်ကာလမှာ သူ့ကို ထောက်ပိုစခန်းမှာထားပါတယ်။ အဲဒီမှာ ရေချိုးသွားတုန်း ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဖောက်ထွင်းခိုးယူမှုနဲ့ စစ်ဆေးခံနေရတဲ့ တရားခံပြေးတစ်ဦးသာဖြစ်ပါတယ်။ တချိုသတင်းဌာနတွေမှာ ဖော်ပြနေသလိုမျိုး ULA/AA အဖွဲဝင် လုံးဝ မဟုတ်ပါကြောင်း ရှင်းလင်းအသိပေးအပ်ပါတယ်” လို့ ဦးခိုင်သုခက ထပ်မံပြောပါတယ်။
လက်ရှိတွင် အတာ ဆိုသူဟာ ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့လည်း သိရပါတယ်။

4 comments