NewsPolitic

မီဇိုရမ်ကနေ ရက္ခိုင်ကို ဓာတ်မြေသြဇာ တင်သွင်းရောင်းချတာ အိန္ဒိယ ပိတ်

အာရက္ခတိုင်းမ်စ် (၁၉ စက်တင်ဘာ ၂၀၂၅)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကနေ ရက္ခိုင်ကို ဓာတ်မြေသြဇာ တင်သွင်းတာတွေ မလုပ်ဖို့ အိန္ဒိယအာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဓာတ်မြေဩဇာအပါအဝင် ကုန်ပစ္စည်းအများအပြားကို မီဇိုရမ်ကနေတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို တင်သွင်းပြီး ပလက်ဝကနေတဆင့် ရက္ခိုင်ပြည်ထဲကို သယ်ယူတာ ဖြစ်ပါတယ်။

ဓာတ်မြေဩဇာက မိုင်းအတွင် အသုံးပြုတဲ့နေရာမှာ အထောက်အကူပြုတာကြောင့် အခုလို ပိတ်တာဖြစ်ပြီး ဒီတားမြစ်ချက်ဟာ ၂ လအတွင်း အကျုံးဝင်ကာ သယ်ယူတာလုပ်တဲ့သူတွေကို လိုင်စင်သိမ်းတာ၊ ကားသိမ်းတွေ အပြင် စတဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ် လို့လည်း လောင်တလိုင်ခရိုင်က အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်လို့ သိရပါတယ်။

ဒီလို ဓာတ်မြေဩဇာ သယ်ယူတာကို တားမြစ်လိုက်တာဟာ ပလက်ဝမြို့နယ်အတွက် သက်ရောက်မှု မရှိဘဲ ရက္ခိုင်ပြည်က တောင်သူလယ်သမားတွေက ပိုပြီး သက်ရောက်မှု ရှိတယ်လို့ ပလက်ဝဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အဲဒီဟာက ကျနော်တို့ ပလက်ဝမြို့နယ်အတွက်တော့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် မြေဩဇာက ရက္ခိုင်ဘက် သယ်တာကိုး။ လယ်လုပ်တာ၊ ယာလုပ်တာက ရက္ခိုင်ဘက်ပဲ များတယ်။ ပလက်ဝမှာ တောင်ယာတွေပဲ လုပ်တာ။ မြေဩဇာတွေ သိပ်မသုံးဘူးလေ။ ဘာဖြစ်သွားနိုင်လဲဆိုတော့ ပလက်ဝမြို့နယ်အတွက် ဘာမှမဖြစ်ဘူး။ သို့ပေမယ့် ရက္ခိုင်ဘက်က လယ်သမားတွေတော့ ဓာတ်မြေဩဇာမရှိလို့ စပါးအထွက် နည်းမှာပေါ့” လို့ ပြောပါတယ်။

တစ်ဖက်မှာ ရက္ခိုင်ပြည်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဓာတ်မြေဩဇာကို ဘူးသီးတောင်မြို့နယ်ကနေတဆင့် ရေလမ်းကြောင်းကို အသုံးပြုပြီး သယ်ယူလို့ရပေမယ့် လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေအခြေအနေကြောင့် သယ်ယူဖို့ မလွယ်ဘူးလို့ သိရပါတယ်။

“ ဘင်္ဂလားဒေ့ရှ်ကတော့ ရေကြောင်းကဖြစ်တယ်။ ဒီဘက်ကဟာက အိန္ဒိယနဲ့ ပလက်ဝက နီးနီးလေး။ ကုန်ကျစရိတ်လည်း သက်သာတယ်။ သင်္ဘောမလိုဘူး စက်လှေပဲ ရတာဆိုတော့ ဟိုဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကဆိုရင်တော့ သူက သင်္ဘောနဲ့ သယ်မှာ။ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူးသီးတောင်ကလည်း လမ်းပန်းဆက်သွယ်ရတာ သိပ်မှမကောင်းတာ” လို့ ပြောပါတယ်။

အိန္ဒိယက ဓာတ်မြေဩဇာကို အခုလို ကန့်သတ်လိုက်မယ်ဆိုရင်လည်း ကုန်သည်တွေက မရမက တင်သွင်းပြီး ဈေးမြှင့်တင်မှာ ဖြစ်တာကြောင့် နောက်ပိုင်း ရက္ခိုင်မှာ ဓာတ်မြေဩဇာတွေ ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။

စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ စစ်ကော်မရှင်က ရက္ခိုင်ပြည်ကို ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားတာကြောင့် ရက္ခိုင်ပြည်အတွက် ကုန်စည်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း၊ ကုလားတန်မြစ်ကမ်းတွေကနေတဆင့် ကုန်ပစ္စည်းတွေ သယ်ယူကြပြီး ရက္ခိုင်ပြည်ဘက်ကို တင်ပို့နေတာဖြစ်ပါတယ်။

Related posts

ပလက်ဝ တိုက်ပွဲရှောင် လေးသောင်းနီးပါး နေရပ်မပြန်နိုင်သေး

Rakhita Times

စစ်ကျန်လက်နက် ဆော့ကစားလို့ ကလေး ၂ဦး၊ လူကြီး ၁ဦး သေဆုံး

Rakhita Times

KNU တို့ ဟန်ချက်ညီညီ ဆက်တိုးကြမယ်ဆိုရင် စစ်ရေးပိုပြင်းထန်လာနိုင်

Rakhita Times

Leave a Comment