အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၅)
အကြမ်းဖက် စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ရက္ခိုင်လူထုအနေနဲ့ ပူးပေါင်းပါဝင်မှု မလုပ်ကြဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဆိုးရှည်မှုအတွက် လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဖြစ်တာကြောင့် ရက္ခိုင်လူထုအနေနဲ့ ပူးပေါင်းပါဝင်မှု မလုပ်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
“ဒီနေ့ ကျနော်တို့ ရက္ခိုင်ပြည်အနေအထားနဲ့ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရက္ခိုင်တွေဟာ သူတို့ရဲ့အမျိုးသားရေး ရပ်တည်ချက်အတွက် တိုက်ပွဲဝင်နေကြတာလေ။ တော်လှန်ရေးက တော်တော် အရှိန်အဟုန် မြင့်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ ရက္ခိုင်ပြည်သူတွေရဲ့ အများရဲ့ လိုအပ်ချက်နဲ့ လိုလားချက်နဲ့ ကိုက်ညီတယ်။ အဲဒါကြောင့် အခုကျင်းပမယ့် စစ်အာဏာရှင် ဖက်ဆစ်အစိုးရရဲ့ အတုအယောင် ရွေးကောက်ပွဲ မှာတော့ ပူးပေါင်းပါဝင်မှု မလုပ်ဖို့ပဲ ကျနော်ကတော့ ပြောချင်တယ်။ ပြည်သူတွေကတော့ သိပါတယ် လုပ်မှာ တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်အနေနဲ့ ထပ်ပြီးတော့ အခုလုပ်မယ့်ဟာက အာဏာရူး ဖက်ဆစ်စစ်တပ်ရဲ့ သူ့အာဏာကို တည်မြဲဖို့အတွက် ထွက်ပေါက်အနေနဲ့ ဂုဏ်သိက္ခာရှိတယ်လို့ လူတွေမြင်အောင်၊ နိုင်ငံတကာက သိအောင် ပြင်ဆင်ထားတာ ဖြစ်တယ်။ ဒီဟာက စစ်အာဏာရှင်အတွက် သက်ဆိုးရှည်မှုအတွက် လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်။ အဲဒါကြောင့် ရက္ခိုင်ပြည်သူတွေ အနေနဲ့ ဒီထဲမှာ ပူးပေါင်းပါဝင် စရာမလိုဘူးလို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေ ထုတ်ပြန်ကြေညာမှုမှာ လက်ရှိအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ပလက်ဝ အပါအဝင် ၁၅ မြို့နယ်ရှိတဲ့အထဲ ၁၁ မြို့နယ်သာ ပါဝင်ပြီး ကျန် ၄ မြို့နယ် မပါဝင်ပါဘူး။
ရက္ခိုင်ပြည်ထဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ အပြင် ပလက်၀မြို့နယ်တို့ဖြစ်ကြပြီး အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့တို့ မပါဝင်ပါဘူး။
အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာတာဖြစ်တဲ့အတွက် ကျန်မြို့နယ် (၄) ခုမှာ ကျင်းပမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
အကြမ်းဖက် စစ်ကော်မရှင် တို့မရှိတဲ့နေရာတွေမှာ ရွေးကောက်ပွဲကို ဘယ်သူက တာဝန်ယူပြီး ကျင်းပမှာလဲလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ရက္ခိုင်ပြည်မှာကတော့ အရင်လည်း ကျနော် ပြောဖူးပါတယ်။ ကျနော်တို့ဆီမှာ မြို့နယ် ၃ မြို့နယ် ကျန်တယ်။ စကစ ဒီအာဏာရူးတွေ သိမ်းထားတဲ့နေရာပေါ့။ မြို့နယ် ၃ မြို့နယ်မှာတောင် တချို့ မြိုနယ်တွေဆိုရင် မြို့ပေါ် ရပ်ကွက်တွေလောက်ပဲ သိမ်းထားတာဖြစ်တယ်။ သူတို့ကတော့ သိက္ခာမဲ့စွာနဲ့နေပြီးတော့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုတော့ အဲဒီနေရာတွေမှာ ဖြစ်နေတာပေါ့။ နောက်ပြီးတော့ တကယ်လို့ သိက္ခာမဲ့တာလည်း အမှန်ပဲ။ ဒီနေရာတွေက သူတို့ မပေးချင်ချင်၊ ပေးချင်ချင် သူတို့ဟာက အကန့်အသတ်ရှိတာမှ မဟုတ်တာ။ တစ်ယောက်ပေးရင်လည်း ငါတို့နိုင်တယ်ဆိုတာ လုပ်နိုင်တယ်။ လုပ်ဖို့လည်း အစီအစဉ်ရှိနိုင်တယ်။ အဲဒါမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်တို့လည်း မထိန်းထားဘူး။ ကိုယ်တို့လည်း မရှိတဲ့နေရာမှာ ဘယ်သူက တာဝန်ယူပြီးတော့ ရွေးကောက်ပွဲကျင်းပမှာလဲ။ ဒါတွေက ဘယ်လိုမှ ရွေးကောက်ပွဲ လက်ခံလို့လည်း မရနိုင်သလို လူတွေကို သေတွင်းထဲကို တွန်းပို့နေတဲ့ဟာမျိုးနဲ့တော့ ဖြစ်လာမယ် မဟုတ်လောက်ပါဘူး” လို့ သူက ပြောပါတယ်။
အကြမ်းဖက် စစ်ကော်မရှင် ရဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မြို့နယ် ၁၀၂ ခုမှာပြုလုပ်မှာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တဲ့အလျောက် အချို့ဒေသတွေမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြင်းထန်လျက်ရှိနေပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက် စစ်ကော်မရှင် ဟာ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲကို ရက္ခိုင်ပြည်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

2 comments