Uncategorized

ပွဲကြိုက်တဲ့ စစ်တွေသားတွေအတွက် စကမ က သီတင်းကျွတ်ပွဲတော် ကျင်းပပေးမယ်

အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ စစ်ကော်မရှင်က သီတင်းကျွတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ သီတင်းကျွတ်ပွဲတော်ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးပူဇော်ပွဲနဲ့ မီးပုံးပျံလွှတ်တင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြည်နယ်စစ်ကော်မရှင်အဖွဲ့က အစည်းအဝေးကျင်းပခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ MRTV ချန်နယ်မှာ ဖော်ပြထားပါတယ်။

သီတင်းကျွတ်ပွဲတော်ကို စစ်တွေမှာ နှစ်စဉ်ကျင်းပခဲ့ပြီး ဒီနှစ်မှာလည်း အစဉ်အလာမပျက် စည်စည်ကားကား ကျင်းပသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တွေဒေသခံတွေဟာ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ရွာလုံးကျွတ် နှင်ထုတ်ခံထားရတာတွေအပြင် တိုက်ပွဲဖြစ်မှာကို စိုးရိမ်မှုတွေ ရှိနေကြပေမယ့်လည်း ပွဲတော်ကို ကြိုက်နှစ်သက်ကြတာကြောင့် အခု စစ်ကော်မရှင်က ကျင်းပမယ့် သီတင်းကျွတ်ပွဲတော်ကိုလည်း ဆင်နွှဲကြမှာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လူတွေကလေ ရက္ခိုင်က လူတွေက ပွဲကိုကြိုက်တာ။ ပွဲဆို ထမင်းစားရရ မစားရရ သွားကြမှာ။ အဲဒီလိုမျိုးကို ကြိုက်တာ။ ပွဲဆိုရင် သွားကြတာ အသကုန်ပဲ တစ်အိမ်လုံး အဲဒီလိုမျိုး။ အဲဒီလိုမျိုးဆို သွားကြမှာပဲ။ ဘုရားကြီးရှေ့က ကွင်းပေါ့နော်။ အဲဒီကွင်းကြီးကို စည်ပင်က ခြံခတ်လိုက်တယ်လေ။ ရှင်းတော့ ရှင်းနေတာ တွေ့တယ်။ အဲဒီအတွက်လား ဘာအတွက်လား မသိဘူး” လို့ ပြောပါတယ်။

သီတင်းကျွတ်ပွဲတော်ကာလအတွင်း အောက်တိုဘာ ၅ ရက်ကနေ ၁၄ ရက်နေ့အထိ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်မှာ သံဃာတော်အပါး ၅၀၀ ကို လောင်းလှူသွားမှာဖြစ်ပါတယ်။

ဆီမီးပူဇော်ပွဲနဲ့ မီးပုံးပျံလွှတ်တင်ပွဲတွေကိုတော့ သီတင်းကျွတ်လပြည့်နေ့မှာ လောကာနန္ဒာစေတီတော်မြတ်၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးနဲ့ စစ်တွေရဲ့ ကိုးရီးယားဆိပ်ကမ်းမှာရှိတဲ့ ရန်ပြေမာန်ပြေဘုရားရင်ပြင်တော်တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တွေမြို့တွင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့်လည်း မြို့ပြင်အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်ဟာ စစ်တွေမြို့ထဲမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားနေတာကို ဖော်ဆောင်ပြီး ပြည်သူတွေကို စည်းရုံးနေတာ ဖြစ်ပါတယ်။

Related posts

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့

Rakhita Times

မြိုကျောင်းသားလူငယ်တွေ AA နဲ့ လက်တွဲပြီး အစွန်းရောက်ဝါဒကို ပြတ်ပြတ်သားသား တွန်းလှန်းတိုက်ထုတ်ဖို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂတိုက်တွန်း

Rakhita Times

ရက္ခိုင်ပြည် လွတ်မြောက်တော့မယ့် အောင်ပွဲလို့ တိုင်းရင်းသားအင်အားစု သဝဏ်လွှာပို့

Rakhita Times

Leave a Comment