ArticelsLife Style

အဉ္စနနဒီ

မြောက်ပြန်လေဟာ နှင်းလွှာထုကိုဖောက်ကာ လူသားခန္ဓာတခုလုံး အေးစက်သွားအောင် တိုက်ခတ်နေပါတယ်။ နေလုံးကြီးဟာလည်း နှင်းမှုန်များကိုဖြတ် ထိုမှတဆင့် တောင်တန်းကြီးများနဲ့ မြစ်ရေပြင်သို့ ဖြာကျရန် အားကိုးမာန်တက် ကြိုးစားနေရှာပါတယ်။

ဒီမြင်ကွင်းကလေးဟာ ဆောင်းရာသီမှာ အဉ္စနနဒီ လေးမြို့မြစ်ရဲ့ မနက်ပိုင်းမှာ မြင်တွေ့နေရတဲ့ ဘဝအမောဖြေရာ ပုံရိပ်တခုပါပဲ။ ဒီတောင်တန်း၊ ဒီရေပြင်သို့ နေရောင်ခြည်တွေ မကျရောက်မှီ မြစ်ကမ်းနံဘေးမှာ မီးဖိုကလေးတွေ ဖိုပြီး အအေးဓာတ်ကို အန်တုခံဖို့ ကြိုးစားနေသူတွေဟာလည်း လေးမြို့ရဲ့ အလှပန်းချီကားကို အားဖြည့်ပေးနေသလိုပင်။

အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်တွေ၊ သစ်ရွက်ဝါတွေနဲ့ တောင်စွယ်၊ တောင်ကြားတွေက တသွင်သွင်စီးကျနေတဲ့ ဒီမြစ်ရေဟာ အလွမ်းဓာတ်ခံရှိနေတဲ့ လူသားတွေအဖို့ အလွမ်းဝေဒနာတွေကို ဖောက်သည်ချဖို့ အကောင်းဆုံးသောနေရာ တခုလို့ပဲ ဆိုရမလား။

ဆောင်းရောက်ပြီ။ ခရီးသွားရာသီရောက်ပြီ လေးမြို့မှာ သစ်ခုတ်၊ ဝါးခွပ်တဲ့ ခရီးသည်တွေအပြင် မြို့ပြရဲ့ မွန်းကျပ်မှုတွေကို အန်ထုတ်ဖို့ လူငယ်တွေဟာ လေးမြို့မြစ်ထဲ ခရီးနှင်ခဲ့ကြ။ ချစ်သူစုံတွဲတွေ ဓာတ်ပုံရိုက်ကြ။ လေးမြို့သို့ ရောက်လာကြတဲ့ လူငယ်တွေဟာ မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ သူတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လေးမြို့ရဲ့ စုန်ရေနဲ့အတူ မျောလိုက်ခဲ့ကြပြီ။

“ အဉ္စနနဒီ မြစ်နဒီ ရေကြိုင်တမြမြနန့် တသွင်သွင်စီးရဲ့ အီးမြလှပရေ” ဆိုတဲ့ ဂီတစာဆိုအခင်ထွန်းရဲ့ လေးမြို့မြစ်ကမ်းအလွမ်းပြေသီချင်းကို နားထောင်ရင် အဉ္စနနဒီလေးမြို့ရဲ့ သဘာဝဟာ ပိုပြီးတော့ တင့်တယ်လာသလို တဖက်မှာလည်း ဒီမြစ်ကလေးဟာ သမိုင်းကြောင်းအရရော၊ လက်ရှိပစ္စုပန်မှာရော ချစ််ခင်ရင်နှီးမှုတွေနဲ့ သယဇာတဖြစ်မှုတွေဟာလည်း ပြောင်းလဲသွားတာမရှိဘူး။

ဒီမြစ်ရဲ့ ကမ်းနှစ်ဖက်မှာ မှီတင်းနေထိုင်သူအများစုကတော့ ရက္ခိုင်နဲ့ ချင်းလူမျိုးတွေပါပဲ။ ဝါးပေါ၊ သစ်ပေါ၊ လတ်ဆတ်တဲ့ အသီးအရွက်တွေပေါတဲ့ ဒီဒေသမှာ ရှိကြတဲ့ နေအိမ်အများစုဟာလည်း ပကာသနမရှိ သဘာဝဆန်တဲ့ ပြရုပ်တွေပါပဲ။

နေအိမ်အများစုဟာ ဝါးတခုတည်းကိုပဲ အသုံးပြုထားကြပါတယ်။ အိမ်တိုင်၊ ကြမ်းခင်း၊ အကာတွေဟာ ဝါးကိုသုံးထားသလို အမိုးကိုလည်း ဝါးရွက်တွေနဲ့ မိုးထားကြတာပါ။ မြို့ပေါ်က နေအိမ်တွေလို တိုက်အိမ်နဲ့ သွပ်မိုးထားတဲ့ အိမ်တွေဟာ မရှိသလောက် ရှားပါးပါတယ်။ တောင်တန်းတွေအောက်မှာ ဒီလိုမျိုး ဝါးတခုတည်းကိုပဲ အသုံးပြုပြီး ဆောက်ထားတဲ့ တဲအိမ်တွေဟာ လေးမြို့မြစ်ရဲ့ အလှတရားတွေထဲက အပိုင်းအစလည်း တခုပါပဲ။

တောင်စွယ်တောင်တန်းတွေ အထပ်ထပ်ကြားက ကွေ့ကောက်စွာနဲ့ စီးဆင်းနေတဲ့ လေးမြို့ဟာ ချစ်ခင်မှုနဲ့ ရင်းနှီးမှုတို့ မွေးဖွားရှင်သန်ရာ နေရာတခုဆိုရင်လည်း မမှားပါဘူး။

“ ရောက်ဖူးသူတိုင်း သိပါလိမ့်မေ။ အဝီးကပင် ဆဆိုင်းရိပ်သွင်ချေ၊ တောင်ပြာပြာကာရံစီးလို့ ရှိရှိက သမိုင်းဝင်နယ်မြီ” သီချင်းစာသားထဲကလို လေးမြို့မြစ်ကို ရောက်ဖူးတဲ့သူတိုင်းဟာ လေးမြို့ရဲ့ လှပမှု၊ သဘာဝဆန်မှုတွေကို မလွမ်းတဲ့သူတွေ ရှိမှာမဟုတ်ဘူး။

နေရောင်ခြည်ဟာ လေးမြို့မြစ်ထဲသို့ ဖြာကျလာခဲ့ပြီ။ ခရီးသည်တွေဟာ သူတို့ရဲ့ဝမ်းရေးကို ဖြေရှင်းဖို့ စက်လှေငယ်တွေ၊ ဝါးဖောင်တွေနဲ့ ဥဒဟို သွားလာနေကြပြီ။ ကွေ့ကောက်စီးဆင်းနေတဲ့ ဒီမြစ်ကလေးဟာ အိန္ဒြေကြီးစွာနဲ့ ပြုံးပြပြီးတော့ ရာမောင်၊ ကျွန်းကူးမှတဆင့် ကစ္ဆပမြစ်ပြင်ကျယ်သို့ စီးဆင်းခဲ့နေလေရဲ့။

Related posts

စကမနဲ့ AA တို့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေ

Rakhita Times

■ အေအိုင်နဲ့ အနာဂတ်ပညာရေး

Rakhita Times

ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး

Rakhita Times

Leave a Comment