နီရီရီ
ရက္ခိုင်လူမျိုးကို အာရီယန်အနွယ်မှ ဆင်းသက်လာကြောင်း စပ်ဆိုထားကြသော အမျိုးသားရေး သီချင်းများနှင့် စာပေကျမ်းဂန် အယူအဆများသည် ဆယ်စုနှစ်အတန်ကြာ ကိန်းအောင်း သန္ဓေလာခဲ့သည်။ ထိုအယူအဆသည် တချို့ခေတ်သစ် ရက္ခိုင်ရာဇဝင်များ၊ ဗုဒ္ဓဘာ ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ အိန္ဒိယ ယဉ်ကျေးမှု အနပညာ လွှမ်းမိုးမှုများနှင့် ရှေးရက္ခိုင် ဘုရင့်နိုင်ငံတွင် တွေ့ရှိရသည့် သက္ကဋ စာပေများကို အခြေခံ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ဟန်တူသည်။ အခြားတစ်ဖက်တွင် ရက္ခိုင်အမျိုးသားရေးဝါဒအရ လူမျိုးရေး ကွဲပြားစွာ ဖြစ်တည်လိုမှုကို အခြေခံကာ ဖြစ်တည်လာခဲ့ပုံ ပေါ်သည်။ ထို့အပြင် ရှေးရက္ခိုင် ကျမ်းတတ်၊ ပေတတ် ပညာရှင်များသည် ရက္ခိုင်လူမျိုကို ဗုဒ္ဓဘုရားရှင်၏ မျိုးရိုးမှ ဆင်းသက်လာကြောင်း ရုပ်လုံးပေါ်စေချင်သောကြောင့် ဤအယူအဆဖြစ်ပေါ်လာရသည်ဟု ယူဆနိုင်သည်။ ဤသည်မှာ ရှေးပညာ ရက္ခိုင်ပညာရှိတို့၏ လူမျိုးအပေါ် ထားရှိသော သစ္စာတရားနှင့် စေတနာပင် ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်တွင် လူသားများ စတင် ဖြစ်ပေါ်လာကတည်းက သီးသီသန့်သန့် အမည်ပေါက်ဖြင့် ရပ်တည်လာသော လူမျိုးဟူ၍ မကျန်ရစ်တော့သည်ကို သတိထားရမည်ပင် ဖြစ်သည်။ ရှေးဦးလူသားများသည် တစ်နေရာမှ တစ်နေရာသို့ လှည့်လည် ကျက်စားရင်း လူသားမျိုးနွယ်စုများ အချင်းချင်း ပေါင်းဖက်နေထိုင်ကာ သွေးနှောမှုများ မရေမတွက်နိုင်အောင် ဖြစ်ခဲ့ကြသည်ကို သတိချပ်ရမည်ပင် ဖြစ်သည်။
ရှေးဦးလူသားများ ပျံ့နှံ့မှုနှင့် အာရှတိုက်သို့ ရောက်ရှိလာကြခြင်း
ခေတ်သစ်လူသား (Homo sapiens) ၏ အစောဆုံး ဖွံ့ဖြိုးရာဒေသမှာ အာဖရိကတိုက် ဖြစ်သည်။ အာဖရိကမှ ထွက်ခွာလာသော လူသားအုပ်စုများသည် အရှေ့အလယ်ပိုင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် နောက်ပိုင်းတွင် သြစတြေးလျားအထိ ပျံ့နှံ့သွားခဲ့ကြသည်။ အရှေ့တောင်အာရှသည် ထိုလူဦးရေရွှေ့ပြောင်းမှု သမိုင်းတွင် အလွန် အရေးကြီးသော ဒေသ ဖြစ်သည်။ မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်အနောက်တောင်ပိုင်းနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းတို့သည် တောင်အာရှနှင့် အရှေ့အာရှ၏ လူသားမျိုးနွယ်တို့ ကူးသန်းသွားလာရာ သဘာဝလမ်းကြောင်းများ ဖြစ်ခဲ့ကြသည်။ ထိုအချက်ကို မျိုးရိုးဗီဇ သုတေသနမှတ်တမ်းများက လက်ခံကြသည်။
ကမ္ဘာ့အစောဆုံး မြို့ပြယဉ်ကျေးမှုများထဲတွင် မက်ဆိုပိုတေးမီးယား (Mesopotamia) သည် အရေးကြီးသည်။ တောင်အာရှတွင် အင်ဒတ်စ်မြစ်ဝှမ်းယဉ်ကျေးမှု (Indus Valley Civilization) သည် ဘီစီ တတိယထောင်စုအတွင်း မြို့ပြယဉ်ကျေးမှုအဆင့်သို့ ရောက်ရှိလာခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဗဂီးရှ်အမ်နရာစင်ဟန် (Vagheesh M. Narasimhan)၊ နစ်ခ်ပက်တာဆန် (Nick Patterson)၊ ပရီယာမူရာဂျနီ (Priya Moorjani) နှင့် ဒေးဗစ်ရိုက်ချ် (David Reich) တို့ ပါဝင်သော အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့သည် လူ ၅၂၃ ဦး၏ ရှေးဟောင်းဒီအန်အေ (ancient DNA) ကို အသုံးပြု၍ တောင်အာရှနှင့် အလယ်အာရှ လူဦးရေဖွဲ့စည်းလာပုံကို လေ့လာကာ တောင်အာရှနှင့် အလယ်အာရှ လူဦးရေများ ဖွဲစည်းလာပုံ (The Formation of Human Populations in South and Central Asia) စာတမ်းကို သိပ္ပံ (Science) ဂျာနယ်၊ ၂၀၁၉၊ အတွဲ ၃၆၅ မှတဆင့် ချပြခဲ့သည်။ ဒီအန်အေ (DNA) စာတမ်း၏ ဒီအိုအိုင် (DOI) မှာ 10.1 126/ science.aat7487 ဖြစ်သည်။
ထိုစာတမ်း၏ လေ့လာမှုများအရ အင်ဒတ်စ် (Indus) ယဉ်ကျေးမှု ကျဆင်းပြီးနောက် တောင်အာရှ လူဦးရေများတွင် အလယ်အာရှ ယူရေးရှား မြက်ခင်းပြင်နှင့် ဆက်စပ်သော မျိုးရိုးဗီဇ အရင်းအမြစ်များ ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြသည်။ ထိုလူဦးရေ ရွှေ့ပြောင်းမှုသည် အင်ဒို–အီရန် (Indo-Iranian) ဘာသာစကားများ ပျံ့နှံ့လာမှုနှင့် ဆက်စပ်နိုင်ကြောင်း သုတေသီများက သုံးသပ်သည်။ ဤအချက်မှာ ရက္ခိုင်လူမျိုးအကြောင်းကို ဆွေးနွေးရာတွင် အရေးကြီးသော အချက်ဖြစ်သည်။ အိန္ဒိယ ယဉ်ကျေးမှုကို လက်ခံ ကျင့်သုံးခဲ့ရုံမျှဖြင့် ရက္ခိုင်လူမျိုး၏ မျိုးရိုးဗီဇကို တောင်အာရှ အင်ဒို–အာရီယန် မျိုးရိုးဖြစ်ကြောင်း သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း ထိုသုတေသနက ထောက်ပြနေသည်။
“အာရီယန်နှင့် တိဘက်တို-ဘာမင်”
အာရီယန် (Aryan) ဟူသော စကားလုံးသည် ရှေးအိန္ဒိယနှင့် ရှေးအီရန် ဘာသာစကား အသုံးပြုသူများ၏ ကိုယ်ပိုင်အမည်နှင့် ဆက်စပ်နေသည်။ အာရီယန် (Aryan) ဟူသော ရှေးဟောင်းအယူအဆသည် ယနေ့ခေတ် “အာရီယန်မျိုးနွယ်” ဟူသည့် လူမျိုးရေး သဘောတရားနှင့် မတူပေ။ အာစကိုပါပိုလာ (Asko Parpola) ၏ ၂၀၁၅ ခုနှစ်ထုတ် အောက်စဖို့ဒ်တက္ကသိုလ်စာအုပ် ဟိန္ဒူဘာသာ၏ အမြစ်များ (The Roots of Hinduism: The Early Aryans and the Indus Civilization) ထဲတွင် ရစ်ဂ်ဗေဒ (Rigveda) ဟိန္ဒူစာပေကို ဖန်တီးသူများက သူတို့ကိုယ်သူတို့ အာရိယ (Aryan) ဟု ခေါ်ဆိုခဲ့ကြကြောင်း၊ အဗေစတာ (Avesta) စာပေဘက်တွင်လည်း အလားတူ အသုံးနှုန်းမျိုး ရှိကြောင်း ရှင်းပြထားသည်။ ထိုဘာသာစကားများကို ယနေ့ အင်ဒို–အီရန် (Indo-Iranian) အုပ်စုအဖြစ် သတ်မှတ်ကြသည်။
၁၉ ရာစုအတွင်း ဥရောပပညာရှင်အချို့က “အာရီယန်” ကို လူမျိုးရေး သဘောတရားဖြင့် အသုံးချလာခဲ့ကြပြီး နောက်ပိုင်းတွင် အာရီယန်လူမျိုးဟူသည့် လူမျိုးရေး အယူအဆသည် သိပ္ပံနည်းကျ အခြေအမြစ်မရှိသော လူမျိုးရေးသီအိုရီ (racial concept) တစ်ခု ဖြစ်လာခဲ့သည်။ အမေရိကန် Holocaust Memorial Museum ကလည်း အာရီယန်သည် လူမျိုးတစ်မျိုး မဟုတ်ကြောင်း ရှင်းလင်း ထားသည်။ ထို့ကြောင့် ရက္ခိုင်လူမျိုး၏ သွင်ပြင်လက္ခဏာများဖြစ်သော နှာတံ၊ မျက်နှာ၊ အသားအရောင်ကိုကြည့်ကာ အာရီယန်ဖြစ်သည်ဟူသော သုံးသပ်ချက်သည် ခေတ်သစ်လူဦးရေ မျိုးရိုးဗီဇနှင့် ဆန့်ကျင်နေသည်ကို သတိထားရပေမည်။
တိဘက်တို-ဘာမင် (Tibeto-Burman) သည် လူမျိုးတစ်မျိုး၏ နာမည်မဟုတ်ဘဲ ဘာသာစကား ခွဲခြားမှုတွင် အသုံးပြုသော အမည်ဖြစ်သည်။ ဒေးဗစ်ဘရက်ဒ်လေ (David Bradley) ၏ တိဘက်တို–ဘာမင် ဘာသာစကားများနှင့် ခွဲခြားသတ်မှတ်မှု (Tibeto-Burman Languages and Classification)၊ ၁၉၉၇ ခုနှစ်၊ Pacific Linguistics စာအုပ်အခန်းတွင် တိဘက်တို–ဘာမင် ဘာသာစကားများကို အာရှအလယ်ပိုင်းနှင့် ဟိမဝန္တာဒေသများမှ အရှေ့တောင်အာရှအထိ ပျံ့နှံ့နေသော ဘာသာစကား အုပ်စုများအဖြစ် ဆွေးနွေးထားသည်။
“ရက္ခိုင်နှင့် မြန်မာ ရာဇဝင်ထဲမှ လူမျိုးခြေရာ ခံကြည့်ခြင်း”
ရက္ခိုင်ဒေသသည် ဘင်္ဂလားပင်လယ်အော်နှင့် ရက္ခိုင်ရိုးမကြားတွင် တည်ရှိပြီး တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် ပထဝီဝင်တံတားတစ်ခု ဖြစ်သည်။ ဘော့ဘ်ဟဒ်ဆန် (Bob Hudson) ၏ ၂၀၀၅ ခုနှစ်ထုတ် ရှေးဟောင်းပထဝီနှင့် လတ်တလော ရှေးဟောင်းသုတေသန-ဓညဝတီ၊ ဝေသာလီနှင့် မြောက်ဦး (Ancient Geography and Recent Archaeology: Dhanyawadi, Vesali and Mrauk-U) သုတေသနတွင် ရက္ခိုင်၏ အစောပိုင်းနိုင်ငံရေး အဖွဲ့အစည်းများသည် ကုလားတန်နှင့် လေးမြို့မြစ်ဝှမ်းများတွင် တည်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဓညဝတီ၏ မြို့ရိုးပုံစံသည် အထက်မြန်မာပြည်ရှိ ပျူ (Pyu) မြို့ပြများနှင့် အချို့သော ဆင်တူမှုရှိကြောင်းလည်း လေ့လာထားသည်။ ဤသည်မှာ ရက္ခိုင်၏ အစောပိုင်း မြို့ပြဖွဲ့စည်းမှုကို အိန္ဒိယမှ လူမျိုးတစ်မျိုး အစုလိုက် ဝင်ရောက်လာကာ တည်ထောင်ခဲ့သည်ဆိုသော အချက်ကို ပယ်ဖျက်ပြခြင်းပင် ဖြစ်သည်။ သို့သော် အိန္ဒိယနှင့် ရက္ခိုင်တို့ကြား၌ ကုန်သွယ်ရေး၊ ဘာသာရေး၊ အနုပညာ၊ စာရေးစနစ်နှင့် နိုင်ငံရေး ဆက်သွယ်မှုများသည် ရှေးယခင်ကတည်းက ရှိခဲ့သည်မှာ အလွန် ထင်ရှားသော အချက်ပင် ဖြစ်သည်။
ရက္ခိုင်ရာဇဝင်များတွင် မာရယုမင်းကို ဓညဝတီမြို့ တည်ထောင်သူအဖြစ် ဖော်ပြပြီး သူ့ထက်အရင် ရက္ခိုင်ဒေသ၌ ရှိနှင့်နေသူများကို ရက္ခိုက်ဘီလူးများဟု ဖော်ပြသည်။ မာရယုမင်းသည် ဓညဝတီမြို့ပြကို တည်ထောင်နိုင်ရန်အတွက် ထိုရက္ခိုက်ဘီလူးများကို နှိမ်နှင်းခဲ့ရကြောင်း ရာဇဝင်က ဆိုသည်။ ဆိုလိုသည်မှာ ယဉ်ကျေးနေပြီးသော ရက္ခိုင်လူမျိုးများ ရက္ခိုင်ဒေသသို့ မြိူ့ပြတည်ရန် ဝင်ရောက်လာချိန်၌ မူလက ရှိနှင့်နေပြီးဖြစ်သော မယဉ်ကျေးသေးသည့် လူရိုင်းများကို နှိမ်နှင်းခဲ့ရကြောင်း ဆိုလိုခြင်း ဖြစ်သည်။ တိုးတက်သော အမြင်ရှိသည့် သုတေသနများက ရာဇဝင်ထဲမှ ရက္ခိုက်များကို သားစိမ်း ငါးစိမ်းစားသော လူရိုင်းအုပ်စုများအဖြစ် သတ်မှတ်လာကြသည်ကို တွေ့ရသည်။ ရက္ခိုင်ရာဇဝင်သည် ဇာတ်ကြောင်းကို ပြောခြင်းမျှသာ ဖြစ်သော်လည်း သုတေသနတချို့က မာရယု မင်းကို အာရီယန်အဖြစ် သမုဒ်လိုက်ကြပြီး ရက္ခိုက်များကိုမူ အာရီယန်မဟုတ်သူများ(သို့မဟုတ်) ဒြာဗီးဒီးယန်းများအဖြစ် သတ်မှတ်လိုက်ကြသည်။
ဘော့ဘ်ဟဒ်ဆန် (Bob Hudson) ၏ ရှေးဟောင်းသုတေသန လေ့လာချက်အရ ဓညဝတီမြို့၏ မြို့ပြ အထောက်အထားသည် ရိုးရာ ရာဇဝင်က ဖော်ပြသည့် အလွန် ရှေးကျသော ရက်စွဲထက် ပိုမိုနောက်ကျသော ကာလများတွင်သာ ဖြစ်နိုင်ကြောင်း ရှင်းလင်းထားသည်။ အခြား သုတေသနများကလည်း ဓညဝတီမြို့ပြ အထောက်အထားကို ခရစ်နှစ် အစောပိုင်း ကာလများမှစ၍ ပိုမို ယုံကြည်စိတ်ချစွာ ခြေရာခံနိုင်ကြောင်း ဖော်ပြသည်။ မည်သို့ပင်ဖြစ်စေ ရက္ခိုင်ဒေသတွင် မာရယု သမိုင်းမတင်မီကတည်းက လူမျိုးတစ်မျိုး ရှိနှင့်ပြီးသည်ကို ရာဇဝင်က ဖော်ပြနေသည်။ ရက္ခိုင်ရာဇဝင်၏ ထိုဖော်ပြချက်သည် ရှေးဦး လူမျိုးနွယ်ပျံ့နှံ့ ရောက်ရှိလာကြပုံအရ သိပ္ပံနည်းကျသော အချက်အလက်ပင် ဖြစ်သည်။
ရက္ခိုင်ရာဇဝင်တွင် တကောင်း အဘိရာဇာ၏ သားတော်နှစ်ပါးဖြစ်သော ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် နန်းအာဏာအတွက် ယှဉ်ပြိုင်ကြရာ ကံရာဇာငယ် အနိုင်ရရှိပြီး တကောင်းကို အုပ်ချုပ်ခွင့် ရရှိကြောင်းနှင့် ကံရာဇာကြီးက တောင်ဘက်သို့ ဆင်းလာပြီး နောက်ဆုံး၌ ရက္ခိုင်ဒေသသို့ ရောက်ရှိ၍ ဓညဝတီကို ပြန်လည် တည်ထောင်သည်ဟု ဖော်ပြထားသည်။ ဤဇာတ်ကြောင်းသည် ရက္ခိုင်နှင့် ဗမာတို့၏ သမိုင်းဆက်နွယ်မှုကို ရာဇဝင် အစဉ်အလာက ဖော်ပြခြင်းဖြစ်သည်။ ကံရာဇာကြီးသည် ကျောက်ပန်းတောင်းတွင် (၂၄) နှစ် နေခဲ့ပြီး ဓညဝတီမြို့ကို ပြန်လည် တည်ထောင်ခဲ့သည်ဟု ရာဇဝင်က ဆိုသည်။
ကံရာဇာကြီးနှင့် ကံရာဇာငယ် ဇာတ်ကြောင်းသည် ရက္ခိုင်နှင့် အထက်မြန်မာပြည်/တကောင်းတို့အကြား ရှေးဟောင်းလူဦးရေ၊ နိုင်ငံရေးနှင့် မင်းဆက်ဆက်နွယ်မှု ရှိခဲ့သည်ဟူသော genealogy (မျိုးရိုးဇာတ်ကြောင်း) ပြသနေသည်။ ဤအချက်မှာ ရက္ခိုင်လူမျိုးသည် အိန္ဒိယမှ အာရီယန်လူမျိုး တစ်မျိုးဖြစ်သည် ဟူသော အယူအဆထက် ရက္ခိုင်နှင့် မြန်မာပြည်အတွင်းပိုင်း လူဦးရေများအကြား ရှေးကတည်းက လူဦးရေ ရွှေ့ပြောင်းမှု၊ အခြေချ နေထိုင်မှု၊ သွေးနှောမှုနှင့် နိုင်ငံရေး ဆက်နွယ်မှုများ ရှိခဲ့သည် ဟူသော သဘောတရားကို ပြသနေသည်။
ရာဇဝင်များတွင် စန္ဒသူရိယ (Sanda Suriya) မင်းသည် မဟာမုနိ ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ပြီး ဗုဒ္ဓမြတ်စွာဘုရား ရက္ခိုင်သို့ ကြွရောက်ခဲ့သည်ဟု ဖော်ပြသည်။ ဤဇာတ်ကြောင်းသည် ရက္ခိုင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၏ အလွန် အရေးကြီးသော အစဉ်အလာ ယုံကြည်မှုပင် ဖြစ်သည်။ သုတေသနအရ ခိုင်မာသော လေ့လာ ဆန်းစစ်မှုများ မရှိသေးသော်လည်း ရက္ခိုင်လူမျိုးတို့အနေဖြင့် ဘာသာရေးအရ အလွန်တရာ ဂုဏ်ယူဖွယ် အကြောင်းအရာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ ဗုဒ္ဓဘုရားရှင်ကို ကြည်ညိုသဒ္ဒါ ပွားများလွန်းလှသဖြင့် ရက္ခိုင်နှင့် မြန်မာတို့သည် မိမိတို့ လူမျိုးကို မြတ်ဗုဒ္ဓ၏ မျိုးရိုးမှ ဆင်းသက်လာကြောင်း ရာဇဝင်တွင် စာတင်ထားခဲ့ကြသည်ကို တွေ့ရှိနေရသည်။
ဝေသာလီ (Vesali) သည် ရက္ခိုင်ရှေးဟောင်းသမိုင်းတွင် အလွန်အရေးကြီးသော မြို့ပြဒေသ ဖြစ်သည်။ ဝေသာလီ၏ ရှေးဟောင်းသုတေသနအထောက်အထားများတွင် ဘုရားဆင်းတုတော်များ၊ စေတီများ၊ သတ္တုပစ္စည်းများ၊ ဒင်္ဂါးများနှင့် ကျောက်စာများ ပါဝင်သည်။ သုတေသနများက ဝေသာလီကို ခရစ်နှစ် (၄) ရာစု နောက်ပိုင်းမှ အစပြုသော နိုင်ငံရေးအဖွဲ့အစည်းနှင့် ဆက်စပ် လေ့လာကြသည်။ ဤခေတ်တွင် အထူးအရေးကြီးသော အထောက်အထားမှာ အာနန္ဒစန္ဒြကျောက်စာ (Anandacandra Stone Inscrip tion) ဖြစ်သည်။ မြန်မာယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အာရှပစိဖိတ် အမှတ်တရ စာတမ်းအဖွဲ့ (MOWCAP)၏ မှတ်တမ်းအရ အာနန္ဒစန္ဒြ ကျောက်စာသည် ခရစ်မပေါ်မီနှောင်းပိုင်းမှ ခရစ်နှစ် (၈) ရာစုအထိ အစောပိုင်း ရက္ခိုင်သမိုင်းကို နားလည်ရန် အရေးကြီးသော ကျောက်စာဖြစ်ပြီး ကျောက်စာ၏ မျက်နှာပြင်များတွင် သက္ကတဘာသာနှင့် အိန္ဒိယမြောက်ပိုင်း စာရေးစနစ်များကို အသုံးပြုထားကြောင်း ဖော်ပြသည်။ သို့သော် သက္ကဋ ကျောက်စာ ရှိနေရုံဖြင့် ရက္ခိုင်လူမျိုးသည် အာရီယန်လူမျိုး ဖြစ်ခြင်းကို သက်သေ မထူနိုင်ပေ။ အိန္ဒိယ၏ ယဉ်ကျေးမှုအနုပညာနှင့် ကိုးကွယ်ရာ ဘာသာတရားသည် ရက္ခိုင်ကိုသာမကဘဲ မြန်မာနှင့် အာရှတိုက်အနှံ့သို့ ပျံ့နှံ့ခဲ့သည်ကို သတိချပ်ရမည်ပင် ဖြစ်သည်။
မိုက်ကယ်ဒဗလျူချာနီ (Michael W. Charney) ၏ ၁၉၉၉ ခုနှစ် မစ်ရှီဂန်တက္ကသိုလ် ပါရဂူဘွဲ့ သုတေသန “Where Jambudip a and Islamdom Converged” တွင် ရက္ခိုင်၏ နိုင်ငံရေး၊ ဘာသာရေးနှင့် လူဦးရေ ဖွဲ့စည်းမှုသည် ပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုတို့ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာကြောင်း အလေးပေး ဖော်ပြထားသည်။
ပမ်မလာဂတ်မန် (Pamela Gutman) နှင့် ဘော့ဘ်ဟဒ်ဆန်တို့၏ လေ့လာချက်များကလည်း ရက္ခိုင်သည် ဘင်္ဂလားပင်လယ်အော် ကုန်သွယ်ရေးကွန်ယက်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် မြောက်ဦးခေတ် ရက္ခိုင်လူမျိုး ဖွဲ့စည်းပုံကို ကြည့်လျှင်လည်း ဒေသခံ လူဦးရေ၊ မြန်မာပြည် အတွင်းပိုင်းနှင့် လူဦးရေ ဆက်နွယ်မှု၊ ဘင်္ဂလား၊ အိန္ဒိယသမုဒ္ဒရာ ကူးသန်းမှု၊ နိုင်ငံရေး ရွှေ့ပြောင်းမှု၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ရောနှောမှုဟူသော အကြောင်းတရားများကို မြင်တွေ့နိုင်သည်။
“DNA စစ်ချက်များထဲမှ ရက္ခိုင်”
၂၀၁၅ ခုနှစ်တွင် ထုတ်ဝေသည့် Scientific Reports ထဲတွင် ယုချွန်းလီ (Yu-Chun Li)၊ ဟွာဝေဝမ် (Hua-Wei Wang)၊ ကျောက်ယန်တီယန် (Jiao-Yang Tian)၊ လီနာလျူ (Li-Na Liu)၊ လီချင်းယန် (Li-Qin Yang)၊ ချွန်လင်းကျူ (Chun-Ling Zhu)၊ ရှီဖန်ဝူ (Shi-Fang Wu)၊ ချင်းဖန်ကောင်း (Qing-Peng Kong) နှင့် ယာပင်းကျန်း (Ya-Ping Zhang) တို့ ရေးသားပြုစုသည့် နောက်ပိုင်း ပလီစတိုစင်းခေတ်မှ မြန်မာနိုင်ငံမှ အရှေ့အာရှအတွင်းပိုင်းသို့ ရှေးဟောင်းလူသားများ ပျံ့နှံ့မှု (Ancient inland human dispersals from Myanmar into interior East Asia since the Late Pleistocene) ဆိုသော DNA စမ်းသပ်မှု စာတမ်းတစ်ခု ပါလာခဲ့သည်။ ထိုစာတမ်းမှာ စာတမ်းအမှတ် – 5:9473၊ ဒီအိုအိုင် (DOI) – 10.1038/srep09473 ဖြစ်သည်။ ထိုသုတေသန စာတမ်းထဲတွင် မြန်မာနိုင်ငံမှ လူ (၈၄၅) ဦး၏ မိခင်ဘက်မျိုးရိုးဗီဇ မိုက်တိုကွန်ဒရီယယ်ဒီအန်အေ (mtDNA) ကို လေ့လာထားသည်။ ထို (၈၄၅) ဦးထဲတွင် ရက္ခိုင်အပါအဝင် မြန်မာနိုင်ငံ၏ အဓိက လူမျိုးစုများ ပါဝင်သည်။
ဒီအန်အေ (DNA) သုတေသနတွင် “ရက္ခိုင် DNA” ဟူ၍ သီးခြား DNA တစ်မျိုးကို မသတ်မှတ်ဘဲ မျိုးရိုးလိုင်း (haplogroup) ဟူသော သိပ္ပံနည်းကျ အမျိုးအစားများဖြင့် မျိုးရိုးဗီဇကို ခွဲခြားသည်။ ရက္ခိုင်နမူနာများတွင် တွေ့ရှိခဲ့သော ရှေးကျသော mtDNA မျိုးရိုးလိုင်းများမှာ (M24၊ M49၊ M82၊ M83 နှင့် M84) တို့ဖြစ်ကြောင်း စာတမ်းတွင် တိတိကျကျ ဖော်ပြထားသည်။ M24, M49, M83, M84 စသည့် မျိုးရိုးလိုင်းများကို မြန်မာ၊ အိန္ဒိယအရှေ့မြောက်ပိုင်း၊ ထိုင်းမြောက်ပိုင်း၊ လာအိုမြောက်ပိုင်းနှင့် တရုတ်အနောက်တောင်ပိုင်းတို့တွင် ဆက်စပ် တွေ့ရှိရကြောင်း ဖော်ပြသည်။ ဤလေ့လာချက်အရ ရက္ခိုင်လူမျိုးသည် သီးခြား “Rakhine haplogroup” တစ်ခုရှိသော လူမျိုးမဟုတ်ကြောင်းကို သက်သေထူနေသည်။ ဤတွေ့ရှိချက်တွင် လူမျိုးတစ်မျိုး၏ မျိုးရိုးဗီဇသည် မျိုးရိုးလိုင်းပေါင်းများစွာဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်ကို သိရှိရသည်။
ဤနေရာတွေင် ရက္ခိုင်လူမျိုးတို့အတွက် မေးခွန်းတစ်ခု ပေါ်လာသည်။ ဒီအန်အေ (DNA) အရ ရက္ခိုင်လူမျိုး ဘယ်က ဆင်းသက်လာသနည်းဆိုသော မေးခွန်းပင် ဖြစ်သည်။ ဤမေးခွန်းကို အတိအကျ ဖြေဆိုနိုင်ရန် ရက္ခိုင်အုပ်စုအတွက် သီးခြား genome-wide autosomal (ကိုယ်ခန္ဓာအနှံ့ မျိုးရိုးဗီဇ) ရာခိုင်နှုန်းကို ထုတ်ပြထားသော လုံလောက်သည့် နမူနာ မရှိသေးကြောင်း အရင်ဆုံး ပြောရမည်ပင် ဖြစ်သည်။ သို့သော် လက်ရှိ အထောက်အထားများကို ပေါင်းစပ်ကြည့်လျှင် အများဆုံး ဖြစ်နိုင်ခြေရှိသော ကောက်ချက်တစ်ခုကို ချနိုင်သည်။
၂၀၁၅ mtDNA သုတေသနတွင် မြန်မာပြည်၏ mtDNA အားလုံးကို ခွဲခြမ်းကြည့်သောအခါ ပထမအဆင့် ခွဲခြားမှုတွင် အရှေ့ယူရေးရှား မျိုးရိုးလိုင်း (haplogroup) များသည် (၆၂.၉၆) ရာခိုင်နှုန်းရှိနေပြီး တောင်အာရှ မျိုးရိုးလိုင်းမှာ (၄.၂၆) ရာခိုင်နှုန်းမျှသာ ရှိနေသည်။ နောက်ပိုင်း မသတ်မှတ်ရသေးသော နမူနာများကို ပြန်လည် စိစစ်ပြီးနောက် အရှေ့ယူရေးရှားဘက် (၆၆.၅၁) ရာခိုင်နှုန်း၊ တောင်အာရှဘက် (၁၇.၄၀) ရာခိုင်နှုန်းဟု တွက်ချက်ထားသည်။ ဤရာခိုင်နှုန်းများသည် မြန်မာတစ်ပြည်လုံး၏ နမူနာအုပ်စုအတွက် ဖြစ်သည်။
မျိုးရိုးဗီဇ အုပ်စုများ၏ နီးစပ်မှုကို စာရင်းအင်းနည်းဖြင့် ပြသခြင်း (Principal Component Analysis-PCA) တွင် ဗမာ၊ ရက္ခိုင်နှင့် ကရင်တို့သည် Tai-Kadai (တိုင်–ကဒိုင်) နှင့် Hmong-Mien (မွန်–မီယန်) အပါအဝင် အရှေ့တောင်အာရှ လူဦးရေများနှင့် ပိုမိုနီးစပ်ပြီး နာဂနှင့် ချင်းတို့သည် အိန္ဒိယအရှေ့မြောက်ပိုင်းဘက် လူဦးရေများနှင့် ပိုမို နီးစပ်ကြောင်း စာတမ်းက ဖော်ပြထားသည်။ စာတမ်း၏ ဆွေးနွေးချက်တွင်ပင် ရက္ခိုင်၊ ဗမာနှင့် ကရင်တို့သည် တောင်အာရှ လူဦးရေထက် အရှေ့တောင်အာရှ လူဦးရေများနှင့် ပိုမို ဆင်တူကြောင်း ဖော်ပြထားသည်။ DNA စစ်တမ်းအရ ရက္ခိုင်လူဦးရေ၏ အဓိက မျိုးရိုးဗီဇ ဆက်နွယ်မှုသည် တောင်အာရှအင်ဒို–အာရီယန် လူဦးရေထက် မြန်မာပြည်နှင့် အရှေ့တောင်အာရှ ပြည်မလူဦးရေများဘက်တွင် ပိုမို နီးစပ်နေကြောင်း ကောက်ချက် ဆွဲနိုင်သည်။
နောက်ထပ် အရေးကြီးသော ဒီအန်အေ (DNA) လေ့လာမှုမှာ ဖခင်ဘက်မှ ဆင်းသက်သော (Y-chromosome) ကို လေ့လာခြင်း ဖြစ်သည်။ ဤစာတမ်းအမည်မှာ GWAS ဒေတာမှ Y ခရိုမိုဆိုမ် မျိုးရိုးလိုင်း သစ်ပင်များကို ပြန်လည် ဖော်ထုတ်ခြင်း (Retrieving Y chromosomal haplogroup trees using GWAS data) ဖြစ်သည်။ ၂၀၁၄ ခုနှစ်ထုတ် European Journal of Human Genetics ဂျာနယ်အတွဲ ၂၂၊ စာမျက်နှာ ၁၀၄၆–၁၀၅၀၊ ဒီအိုအိုင် (DOI) — 10.1038/ejhg.2013.272 ပင် ဖြစ်သည်။ မင်းရှန်းဖန် (Min-Sheng Peng)၊ ဂျွန်ဒေါင်ဟဲ (Jun-Dong He)၊ လောင်ဖန် (Long Fan)၊ ဂျီလျူ (Jie Liu)၊ အဒေနီယီအဒီအိုလာ (Adeniyi C. Adeola)၊ ရှီဖန်ဝူ (Shi-Fang Wu)၊ ရောဘတ်ဒဗလျူ.မာဖီ (Robert W. Murphy)၊ ယုံဂန်းယောင် (Yong-Gang Yao) နှင့် ယာပင်းကျန်း (Ya-Ping Zhang) တို့ ဖြစ်သည်။
ထိုလေ့လာမှုတွင် မြန်မာနိုင်ငံမှ အမျိုးသား (၁၀၆) ဦးနှင့် အခြားအုပ်စုများ ပေါင်း၍ (Y-chromosome) (၁၁၇) ခုကို လေ့လာခဲ့သည်။ ထိုအထဲတွင် ရက္ခိုင်အမျိုးသား (၁၃) ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။ ထိုလေ့လာမှုသည် ဖခင်ဘက် မျိုးရိုးကို သတ်မှတ်နိုင်သည့် DNA အမှတ်အသား – Y-SNP (၃၆၉) ခုကို အသုံးပြု၍ Y-chromosome မျိုးရိုးသစ်ပင်ကို တည်ဆောက်ပြခြင်း ဖြစ်သည်။ ထိုလေ့လာမှုအရ ရက္ခိုင်အုပ်စု၏ နမူနာသင်္ကေတမှာ ရက္ခိုင် (RR = Rakhine) ဖြစ်သည်။ ဤနေရာတွင်လည်း RR သည် DNA haplogroup မဟုတ်ပါဘဲ လေ့လာမှုအရ ရက္ခိုင်နမူနာအုပ်စုကို ခွဲခြားရန် သတ်မှတ်ထားသော လူဦးရေအုပ်စု သင်္ကေတ (population code) သာဖြစ်သည်။
DNA စစ်ချက်များအရ ရက္ခိုင်လူမျိုးကို မည်သည့် အနွယ်များ ဖြစ်သည်ဟု ယတိပြတ် ကောက်ချက်ချနိုင်ရန် မဖြစ်နိုင်သော်လည်း လူဦးရေ အားလုံး၏ မျိုးရိုးလိုင်း (haplogroup) ဖွဲ့စည်းပုံ၊ မျိုးရိုးဗီဇ အုပ်စုများ၏ နီးစပ်မှုကို စာရင်းအင်းနည်းဖြင့် ပြသခြင်း (PCA) နီးစပ်မှု၊ မျိုးရိုးရောနှောမှု (admixture) နှင့် ပထဝီဝင် ဖြန့်ကျက်မှုကို ပေါင်းစပ်ကြည့်လျှင် ရက္ခိုင်သည် တောင်အာရှထက် အရှေ့တောင်အာရှ ပြည်မလူဦးရေစနစ်နှင့် ပိုမို နီးစပ်သည်ဟူသော ကောက်ချက်ကို ချနိုင်သည်။ ထို့ကြောင့် လက်ရှိ အထောက်အထားများအရ အများဆုံး ဖြစ်နိုင်သော ကောက်ချက်မှာ ရက္ခိုင်လူမျိုးသည် အရှေ့တောင်အာရှပြည်မ–မြန်မာ လူဦးရေ မျိုးရိုးဆက်နွယ်မှုနှင့် ပိုမို ကိုက်ညီသည်ဟု၍ပင် ဖြစ်သည်။ ဆိုလိုသည်မှာ အိန္ဒိယနှင့် တောင်အာရှ လူမျိုးနွယ် သွေးနှောမှု မရှိသလောက် နည်းပါးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ပို၍ တိကျစွာ ပြောရလျှင် ရက္ခိုင်လူမျိုးတို့အပေါ် မှိုင်းတိုက်ခံထားရသည့် အာရီယန် လုံးဝ မဟုတ်ကြောင်းကို ပြသနေခြင်းပင် ဖြစ်သည်။
“ရက္ခိုင်လူမျိုးကို ဘာသာစကား အခြေပြု သုတေသနဘက်မှ အမြင်များ”
သမိုင်းပညာအရ လူမျိုးတစ်မျိုးကို တစ်နေ့တည်း၊ တစ်ချိန်တည်းတွင် တစ်နေရာမှတည်းမှ စုပြုံ ရောက်ရှိလာကြသူများအဖြစ် မသတ်မှတ်ပေ။ ရက္ခိုင်ဒေသတွင် အစောပိုင်းကတည်းက လူနေထိုင်မှု ရှိခဲ့ပြီးနောက်ပိုင်းတွင် အရှေ့တောင်အာရှမှ တိဘက်တို-ဘာမင် (Tibeto-Burman) ဘာသာစကားပြော လူအုပ်စုများ၏ ရွှေ့ပြောင်းမှု၊ ဒေသခံ လူဦးရေများနှင့် ပေါင်းစည်းမှု၊ အိန္ဒိယနှင့် ဘင်္ဂလားပင်လယ်အော် ကူးသန်းမှုတို့က ရက္ခိုလူမျိုးနှင့် ယဉ်ကျေးမှုပုံစံကို အချိန်ကြာမြင့်စွာ ဖန်တီးလာခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ ဘာသာစကားဗေဒအရ ရက္ခိုင်ဘာသာသည် (Sino-Tibetan) ဘာသာစကားအုပ်စုဝင် တစ်ခုဖြစ်သော (Tibeto-Burman-Burmish) အုပ်စုနှင့် နီးစပ်ကြောင်းကို ပညာရှင်အများအပြားက ထောက်ပြထားကြသည်။
(၁၉) ရာစုနှောင်းပိုင်း ဥရောပလူမျိုးဗေဒတွင် ကမ္ဘာ့လူဦးရေကို ရုပ်ရည်ရူပကာကို ကြည့်ကာ ခွဲခြမ်းစိတ်ဖြာသည့်စနစ် (physical characteristics) အပေါ်အခြေခံ၍ လူမျိုးနွယ်စု၊ လူမျိုးစု (race) အမျိုးအစားများ ခွဲခြား လေ့လာမှု ရှိခဲ့သည်။ ထိုခေတ်စာပေများတွင် အရှေ့အာရှနှင့် အရှေ့တောင်အာရှ လူဦးရေများကို မွန်ဂိုလွိုက် (Mongoloid) ဟု အုပ်စုဖွဲ့ သတ်မှတ်လေ့ ရှိခဲ့သည်။ ဘားနဒ် ဟောက်ဆန် (Bernard Houghton) ၏ ၁၈၉၇ စာတမ်းတွင်လည်း ရက္ခိုင်လူမျိုး၏ ရုပ်ပိုင်းဆိုင်ရာကို ထိုခေတ်အယူအဆအတိုင်း မွန်ဂိုလွိုက်ဟု ဖော်ပြထားပြီး နောက်ပိုင်း လူဦးရေ ရွှေ့ပြောင်းမှုများကြောင့် ရက္ခိုင်ဒေသ၏ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲလာနိုင်ကြောင်းကိုလည်း သုံးသပ်ထားသည်။ သို့သော် ယနေ့ခေတ် လူသားဗေဒ (anthropology) နှင့် လူဦးရေ မျိုးရိုးဗီဇ (population genetics) များတွင် လူသားများကို ထိုကဲ့သို့ သန့်စင်သည့် မျိုးနွယ်စုများအဖြစ် ခွဲခြားသတ်မှတ်ခြင်းအား သိပ္ပံနည်းအရ လက်မခံတော့ပေ။
ဘားနဒ် ဟောက်တန် (Bernard Houghton) ၏ ၁၈၉၇ ခုနှစ် Journal of the Royal Asiatic Society ဆောင်းပါးတွင် ရက္ခိုင်လူမျိုးကို အထက်မြန်မာပြည်မှ ဗမာအုပ်စုများနှင့် ဆက်နွယ်သော တိဘက်တို-ဘာမင် (Tibeto-Burman) လူမျိုးအဖြစ် သတ်မှတ်ခဲ့ပြီး ထိုခေတ် လူမျိုးဗေဒသုံးနှုန်းဖြင့် မွန်ဂိုလွိုက် (Mongoloid) ဟု ဖော်ပြထားသည်။ ရက္ခိုင်လူဦးရေသည် အရှေ့တောင်အာရှရှိ အခြားလူဦးရေများနှင့် မျိုးရိုးဗီဇအရ နီးစပ်မှုများရှိကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့် ရက္ခိုင်သည် သန့်စင်သောလူမျိုး သီးသန့်လူမျိုးဟူသော အယူအဆထက် ရာစုနှစ်များစွာအတွင်း လူဦးရေ၊ ဘာသာစကား၊ ကိုးကွယ်ရာနှင့် ယဉ်ကျေးမှုတို့ ပေါင်းစပ် ဆက်နွယ်ကာ ယဉ်ကျေးလာသော လူမျိုးဖြစ်ကြောင်း ယူဆစရာ ရှိသည်။
Pamela Gutman ၏ ရှေးခေတ်ရက္ခိုင် (Ancient Arakan) သည် ရက္ခိုင်ရှေးဟောင်းသမိုင်းကို လူမျိုးရေး အယူအဆတစ်ခုတည်းဖြင့် မလေ့လာဘဲ မြို့ပြဖွံ့ဖြိုးမှု၊ ဘာသာစကားနှင့် လူမျိုးစုနောက်ခံ၊ ကျောက်စာ၊ ဒင်္ဂါး၊ ဘာသာရေး၊ ဗိသုကာနှင့် အိန္ဒိယ–အရှေ့တောင်အာရှ ဆက်သွယ်မှုတို့ကို ပေါင်းစပ်လေ့လာထားခဲ့သည်။ ၁၈၉၅ ခုနှစ်တွင်ပင် ဘားနဒ် ဟောက်တန် (Bernard Houghton) သည် တောင်ပိုင်းတရုတ်ဘာသာစကားကို ရက္ခိုင်ရိုးမအနီး မင်းဘူးနှင့် သံတွဲမြို့နယ်အထိ နှိုင်းယှဉ် လေ့လာခဲ့သည်။ ဤအချက်က ရက္ခိုင်ရိုးမနှင့် ပတ်ဝန်းကျင်ဒေသများတွင် တိဘက်တို-ဘာမင် (Tibeto-Burman) ဘာသာစကားမိသားစုဝင် လူအုပ်စုများ အချင်းချင်း ဆက်စပ်နေခဲ့သည့် ပထဝီ–ဘာသာဗေဒ ပတ်ဝန်းကျင် ရှိခဲ့ကြောင်း ပြသနိုင်ခဲ့သည်။
လက်ရှိ သုတေသန အထောက်အထားများအပေါ် အခြေခံ၍ ရက္ခိုင်၏ မျိုးရိုးဖွဲ့စည်းပုံ (သို့မဟုတ်) ရက္ခိုင်လူမျိုး ဖြစ်ပေါ်လာပုံကို တည်ဆောက်ကြည့်လျှင် အာဖရိကမှ အစောပိုင်း Homo sapiens ပျံ့နှံ့ခြင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ အစောပိုင်း လူသားများ ရောက်ရှိလာခြင်း၊ မြန်မာပြည်နှင့် အရှေ့တောင်အာရှတွင် ရှေးကျသော လူဦးရေများ ဖွဲ့စည်းခြင်း၊ မြန်မာ၊ တရုတ်အနောက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှကြား လူဦးရေ ရွှေ့ပြောင်းမှု၊ မြန်မာဒေသတွင် တိဘက်တို–ဘာမင်နှင့် ဆက်စပ်သော ဘာသာစကားပြောအုပ်စုများ ဖွဲ့စည်းပျံ့နှံ့ခြင်း၊ ရက္ခိုင်ဒေသ၏ ဒေသခံလူဦးရေများနှင့် မြောက်ဘက်၊ အရှေ့ဘက်မှ လူဦးရေများ ရောနှောခြင်း၊ ဓညဝတီ၊ ဝေသာလီ စသည့် မြို့ပြ နိုင်ငံရေးအဖွဲ့အစည်းများ ပေါ်ပေါက်ခြင်း၊ အိန္ဒိယ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ၊ သက္ကတစာပေနှင့် ကုန်သွယ်ရေး ဆက်သွယ်မှုများ၊ လေးမြို့ခေတ်၏ နိုင်ငံရေး အဖွဲ့အစည်းများ၊ မြောက်ဦးခေတ်၏ နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် လူဦးရေ ပေါင်းစပ်မှု၊ ခေတ်သစ် ရက္ခိုင်လူမျိုး အမှတ်သညာဟူသည့် ပေါင်းစပ်မော်ဒယ်မျိုး ရရှိလာသည်။ ဤမော်ဒယ်လ်မှာ လူမျိုးတစ်မျိုးက တစ်ချိန်တည်းတစ်ပြိုင်တည်း အစုလိုက် ဝင်လာပြီး အခြားလူမျိုးကို သွေးမနှောဘဲ အစားထိုးလိုက်သည်ဆိုသော မော်ဒယ်ထက် လက်တွေ့ပိုဆန်သော မော်ဒလ်ပင် ဖြစ်သည်။
ထို့ကြောင့် ရက္ခိုင်လူမျိုးသည် အာရီယန် မဟုတ်ဟု ကောက်ချက်ဆွဲရုံမှလွဲ၍ အခြား မရှိတော့ပေ။ သည်ထက် သေချာလိုပါက သည်ထက်ပိုမို တိကျခိုင်မာသည့် သုတေသနပြုမှု အများအပြားကို အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ပြုလုပ်ကြရန်သာ တိုက်တွန်းရမည်ပင် ဖြစ်ပါသည်။ ။
