အာရက္ခတိုင်းမ်စ် (၁၃ ဇန်နဝါရီ ၂၀၂၅)
ရက္ခိုငပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ စစ်ကောင်စီက ပျဥ်ခိုးပြီး ထင်းလုပ် ရောင်းစားတဲ့သူတွေကို ဝါးလုံးအစိမ်းတွေနဲ့ ရိုက်တာတွေ လုပ်တယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေမြို့မှာ စစ်ကောင်စီက နှင်ထုတ်ထားတဲ့ ရွှေပြည်သာရွာ၊ ဗျိုင်းဖြူရွာ စတဲ့ ရွာ ၁၂ ရွာရှိပြီးတော့ အဲဒီရွာက အိမ်တွေကို စစ်ကောင်စီတပ်တွေက ဖြိုဖျက်ပြီးတော့ ရောင်းစားနေတာဆိုရင် ကုန်သလောက်ဖြစ်နေပြီလည်း ဖြစ်ပါတယ်။
စစ်တွေဒေသခံတွေက အလုပ်အကိုင်မရှိလို့ စားဖို့သောက်ဖို့ မရှိတာကြောင့် စစ်ကောင်စီတပ်တွေ ဖြိုဖျက်ထားတဲ့ အိမ်တွေရဲ့ အကြွင်းအကျန် သစ်တိုသစ်စတွေကို သွားသယ်ပြီး ထင်းလုပ်ရောင်းနေကြတာပဲ ဖြစ်ပါတယ်။
အရင်တုန်းက အဲဒီလို သစ်တွေကို သယ်တဲ့သူတွေကို ရေခပ်ခိုင်းတာတွေ၊ မြေကြီးတူးခိုင်းတာတွေနဲ့ မြက်ရှင်းခိုင်းတာတွေ လုပ်ပေမယ့် အခုကတော့ ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ဝါးလုံးအစိမ်းနဲ့ ရိုက်တာဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။
“ အရင်ခိုးရောင်းတာက စစ်တပ်က ခိုးရောင်းထားပြီးသား။ စစ်တပ်က တစ်အိမ်လုံး အကောင်းတွေကို ခိုးရောင်းထားပြီးပြီ။ ကားတွေနဲ့ အစီးလိုက် တိုက်ပြီးတော့ ရောင်းထားပြီးပြီ။ အခုနောက်မှ ဒီလူတွေ ခိုးတော့မှ ဒီလူတွေကို ဖမ်းပြတယ်၊ လုပ်ပြတယ်၊ ခိုးလို့ ဟန်လုပ်ပြတဲ့ပုံစံမျိုးပြပြီးတော့ ရိုက်တာမှ ဝါးလုံးအစိမ်းနဲ့ ရိုက်တာ။ မိန်းမရော၊ ယောကျာ်းလေးရော။ ယောကျာ်းကတော့ မိန်းမထက်တော့ ပိုတယ်ပေါ့နော် ရိုက်ထားတာ။ ယောကျာ်းအရိုက်ခံရတာက မိန်းမက ၃ ကြိမ်ဆိုရင် ယောကျာ်းက ၅ ကြိမ်ပေါ့ကွာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က နှင်ထုတ်ထားတဲ့ စစ်တွေက ရွာ ၁၂ ရွာမှာ စစ်ကောင်စီက တပ်စခန်းချထားပြီး သူတို့ရဲ့ တပ်စခန်းတွေနားမှာတော့ နေအိမ်တွေ ကျန်နေသေးတယ်လို့ သိရပါတယ်။
ဒါပေမယ့် သူတို့ရဲ့ တပ်စခန်းနားကို မလာကြဖို့နဲ့ မြေမြှုပ်ဗုံးတွေ ချထားတဲ့အကြောင်း ပျဉ်လာယူတဲ့သူတွေကို မှာထားတယ်လို့ ပြောပါတယ်။
ပျဉ်သွားသယ်ကြတဲ့ သူတွေကို ပြီးခဲ့တဲ့ ဇန်ဝါရီလ ၈ ရက်နေ့မှာ ရိုက်တာဖြစ်ပြီးတော့ ယောကျာ်း၊ မိန်းမ၊ ကလေးငယ် အားလုံးပေါင်း အယောက် ၅၀ ကျော်လောက်ပါပြီးတော့ တစ်ယောက်မှ မချန်ဘဲနဲ့ ရိုက်တာလို့လည်း သိရပါတယ်။
အဲဒီလိုအရိုက်ခံရတာကြောင့် သူတို့တွေဟာ ဆေးတွေလည်း မထည့်နိုင်တဲ့အပြင် ထမင်းချက်ဖို့ ရေတောင် မခပ်နိုင်ကြတော့ဘူးလို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဆေးက မကုနိုင်ဘူး။ ဂျင်းစိမ်းတို့ဘာတို့ ထုထောင်းပြီးတော့ အုံရတယ်။ ဖင်တွေနာတယ်၊ ထိုင်တောင်မထိုင်နိုင်ဘူး။ ယောကျာ်း၊ မိန်းမ အကုန်လုံး အယောက် ၅၀ လောက်ရှိတယ်။ အဲဒါကို ယောကျာ်းကို အချက် ၈ ချက်၊ မိန်းမကို ၅ ချက်၊ အကုန်လုံးရိုက်တာ၊ တစ်ယောက်မှ မချန်ဘူး။ အဖွားကြီးတွေရော၊ အဖိုးကြီးရော အကုန်ရိုက်တယ်။ အဲဒီတော့ သူတို့တွေ မလှုပ်နိုင်တော့ နဂိုကတည်းက အဆင်မပြေလို့ လုပ်စားမရဘူးဆိုကာမှ အဲဒီလိုမျိုးဆိုတော့ ဘာမှမလုပ်နိုင်ဘူး။ ရေတောင်မခပ်နိုင်ကြတော့ဘူး။ အိမ်မှာ ကိုယ့်ဟာကိုယ် ထမင်းချက်ဖို့တောင် ရေမခပ်နိုင် အဲဒီလိုဖြစ်ကုန်ကြတယ်” လို့ ပြောပါတယ်။
စစ်တွေဒေသခံတွေဟာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တကျော့ပြန် တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကနေစပြီးတော့ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရောတွေ ကြပ်တည်းလာတာဆိုရင် ၁ နှစ်ကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။
ဒါကြောင့် သူတို့တွေဟာ စားဝတ်နေရေးအတွက် စစ်ကောင်စီတပ်က နှင်ထုတ်ထားပြီး နေအိမ်ဖြိုဖျက်ထားတဲ့ အိမ်တွေရဲ့ ကျန်နေတဲ့ သစ်အပိုင်းအစတွေကို ထင်းလုပ်ပြီး အသက်မွေးဝမ်းကျောင်းနေရတာပဲ ဖြစ်ပါတယ်။

1 comment
химчистка кожаной обуви химчистка обуви в москве