အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၅)
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ စစ်ကောင်စီက တပ်အထိုင်ချကာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ ထိန့်လန့်နေကြတယ်လို့ ငါးသိုင်းချောင်းမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“မျော့တူ အမှတ် ၁၀၆ သစ်ထုတ်လုပ်ရေးစခန်းမှာ အင်အား ၁၀၀ လောက်နဲ့ အထိုင်ချပြီး နေနေကြတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ဟိုပစ် ဒီပစ် ပစ်နေတယ်။ စာသင်ကျောင်းနဲ့ နီးတော့ ကျောင်းသားမိဘတွေလည်း အရမ်းစိုးရိမ်နေကြတယ်” လို့ ငါးသိုင်းချောင်းမြို့ဒေသခံက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီက တပ်အထိုင်ချထားရာ နေရာဟာ ငါးသိုင်းချောင်းမြို့ ကျောက်ခဲချောင်းအပိုင် မျော့တူတွင် တည်ရှိပြီး သူတို့ တပ်စွဲထားရာ သစ်စက်ဝန်းအတွင်းသို့ သစ်စက်ဝန်ထမ်းများကို ဝင်ထွက်ခွင့် မပေးတော့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ရက္ခိုင်ပြည် နဲ့ ဧရာဝတီတိုင်း နယ်စပ်အချို့၊ ပွိုင့် ၃၆၉ ကုန်း နဲ့ ရေကြည်မြို့ ချင်းစုကျေးရွာ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ထားပါတယ်။
ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားနေလို့ ချောင်းသာ၊ ငွေဆောင်ကမ်းခြေက ဟိုတယ်အချို့ ပိတ်သိမ်းကာ ပုသိမ်မြို့ကို ပြောင်းရွှေ့နေကြတယ်လို့လည်း သိရပါတယ်။
