အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၅)
ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ စစ်ရှောင်ပြည်သူ ၁၀၀ ကျော်နေပြီလို့ ဧရာဝတီတိုင်းအတွင်း စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။
“စာရင်းအတိအကျတော့် မဟုတ်ပေမယ့် ကျနော်တို့အဖွဲ့ကောက်ထားတဲ့စာရင်းအရ ၁၁၀ လောက် ရှိတယ်။ အများစုက ရက္ခိုင်ကလာတဲ့ ရက္ခိုင်နဲ့ ဧရာဝတီတိုင်းမှာ ကြီးပြင်လာတဲ့ ရက္ခိုင်တွေ များတယ်” လို့ ဧရာဝတီတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းရှိ ငသိုင်းချောင်း၊ ရေနံ့သာ၊ ကျုံပျော်၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ဒါးက၊ မြောင်းမြ စတဲ့ မြို့တွေမှာ စစ်ဘေးရှောင်နေတဲ့ ရက္ခိုင်တွေကို ဖမ်းဆီးတာလည်း ဖြစ်ပါတယ်။
“အခုနောက်ပိုင်းက အဖမ်းအဆီးတွေလည်း တအားများလာတယ်။ နေရပ်ပြန်တဲ့ စစ်ရှောင်တွေကို၊ ပြန်ဝင်တဲ့ စစ်ရှောင်တွေ အဖမ်းခံရတာတွေရော များတာကတော့ တော်တော်များတယ်။ ကျနော်တို့ ခန့်မှန်းလို့တောင် မရဘူး” လို့ ဂွမြို့နယ် စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးသူ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲများကြောင့် ရက္ခိင်ပြည် သံတွဲ နဲ့ ဂွမြို့နယ်က ပြည်သူတွေဟာ ဧရာဝတီ၊ ရန်ကုန် နဲ့ ပဲခူးတိုင်းကို သွားရောက်ပြီး စစ်ဘေးရှောင်နေကြတာလည်း ဖြစ်ပါတယ်။
ယခုအခါ အဆိုပါနယ်မြေတွေကို အာရက္ခတပ်တော်က အလုံးစုံထိန်းချုပ်ထားနိုင်လို့ ရက္ခိုင်စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်လိုကြပေမယ့် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် မပြန်ရဲကြဘူးလို့လည်း သိရပါတယ်။

1,965 comments