NewsPolitic

ရက္ခိုင်မှာ AA ကို တိုက်ခိုက်နိုင်တဲ့ အဖွဲ့မရှိ

အာရက္ခတိုင်းမ်စ် (၃၀ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့အတွက် မွတ်ဆလင် လက်နက်ကိုင် ၄  ဖွဲ့ ပေါင်းစည်းလိုက်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပေါင်းစည်းလိုက်ပေမယ့်လည်း ရက္ခိုင်မှာ AA ကို တိုက်နိုင်တဲ့ ဘယ်အဖွဲ့အစည်းမှ မရှိတော့ဘူးလို့ တရုတ်-မြန်မာအရေး လေ့လာသူ ‌ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရက္ခိုင်မှာ AA ကို နိုင်နိုင်တဲ့လူ မရှိတော့ပါဘူး ကျမ ကြည့်ရသလောက်။ AA ဟာ အနည်းနဲ့အများ၊ အများစု ရက္ခိုင်အရေးကို စိုးမိုးနိုင်တော့မှာ ရက္ခိုင်ပြည်ကိုလေ။ အဲဒီတော့ ဒုက္ခပေးတာတွေတော့ ရှိမှာပေါ့။ စကစကလည်း ရိုဟင်ဂျာတွေကို အများကြီး စည်းရုံးပြီး တိုက်ခဲ့သေးတာပဲ။ အဲဒါကိုလည်း AA က ကျော်နိုင်ခဲ့တာပဲ။ အခု AA ရိုဟင်ဂျာတွေ ဘာတွေနဲ့ပဲတိုက်တိုက် AA ကို ဘာမှ ဒုက္ခပေးနိုင်မယ်တော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ AA က ရက္ခိုင်ပြည်မှာ ရက္ခိုင်ပြည်သူလူထုရဲ့ အပြည့်အဝ ထောက်ခံအားပေးမှုကို ရထားတာ” လို့ သူက ပြောပါတယ်။

AA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ဘူးသီးတောင်၊ မောင်တော ဒေသကို ပြန်လည်ရယူနိုင်ရေးအတွက် မွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ ဖြစ်တဲ့ RSO, ARSA, ARA နဲ့ Rohingya Islami Mahaaz တို့အဖွဲ့က Four Brothers Alliance အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။

မွတ်ဆလင်လက်နက်ကိုင်တွေအနေနဲ့ AA ကို တိုက်ခိုက်လို့ မအောင်မြင်ခဲ့ပါက ဒေသခံလူထုတွေအပေါ် ပြောင်းလဲ တိုက်ခိုက်လာနိုင်ကြောင်း၊ ဒါပေမယ့် AA ဘက်က ဒီကိစ္စတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သုံးသပ်ကြပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်ဟာ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မတူညီဘဲ နေရာအနှံ့မှာ ပါဝင်အားဖြည့် ဖြန့်ကျက်ပြီး တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တပ်ပေါင်းစု မဟာမိတ်တွေနဲ့ နေရာတိုင်းမှာ ပေါင်းပြီးတော့ စစ်အာဏာရှင်ကို တော်လှန်တဲ့အထဲမှာ အာရက္ခတပ်တော်က နေရာတိုင်းမှာ ပါနေတယ်။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးမှု မဖြစ်တာလားဆိုတဲ့ တစ်ချက်ကို တွေးမိတယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲမှာ အကျိုးရလဒ် ရမယ်ဆို ကျနော်တို့ မြင်တာကတော့ သူ့ဒေသ သူ့ပြည်သူအတွက် လက်နက်ကြီးတွေ ရန်က လွတ်မယ်။ ဒါကတစ်ပိုင်း။ အဲဒီဟာကရော ဘယ်လောက်အထိ ကာလရှည်ကြာ လွတ်နိုင်မလဲဆိုတဲ့ ဟာကလည်း နောက်ဆက်တွဲ စဉ်းစားရမယ့် အချက်လို့ မြင်တယ်။ ဗမာပြည်မှာ ငြိမ်းချမ်းရေး ခေါ်လိုက် ပြန်ဖျက်လိုက် ပြန်တိုက်ကြလိုက်နဲ့ ဖြစ်နေကြတာကတော့ နှစ်ပေါင်းများစွာ ကြာလာပြီပေါ့။ တွေ့ဆုံဆွေးနွေးပွဲဖြစ်လို့ အပစ်ရပ် ထိုးကြတယ် ဆိုရင်တောင် အဲဒါ တကယ် လိုက်နာနိုင်မလားဆိုတဲ့ ဟာလည်း စဉ်းစားစရာ ဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ‌တော့ အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်က မြို့နယ် ၃ ခုကို ချန်ပြီး ဧရာဝတီ၊ ပဲခူး နဲ့ မကွေးဘက်ကို စစ်မျက်နှာ လှည့်နေတာပါ။

စစ်ကောင်စီရဲ့ စခန်းတွေဖြစ်တဲ့ ရက္ခိုင်ရိုးမတောင်တန်းက မိုးထိတောင်၊ ဧရာဝတီတိုင်းက ပွိင့် ၂၆၃ နဲ့ ပွိင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

တောင်ကုတ်ကို စစ်ကောင်စီ ဗုံးထပ်မံ ကြဲ၍ နေအိမ်  ၈ လုံးထက်မနည်း မီးလောင် ပျက်စီး

Rakhita Times

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ

Rakhita Times

ယိုးငူဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေ စားဝတ်နေရေး အခက်ကြုံနေ

Rakhita Times

14 comments

Leave a Comment