NewsPolitic

တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မြောက်ဖို့ ကြားခံအဖွဲ့ အားကောင်းဖို့လို

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၅)

နှစ်ဖက်အင်အားစု အဖွဲ့အစည်းများအချင်းချင်း တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မြောက်စေဖို့အတွက် ကြိုးစားကြရမှာ ကြားခံအဖွဲ့အစည်းတွေအနေနဲ့ အားကောင်းဖို့ လိုအပ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်သူတွေက ထောက်ပြကြပါတယ်။

လက်ရှိမှာတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့တို့နဲ့ စစ်ကောင်စီဟာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် ပလောင်တပ်ဖွဲ့နဲ့ကတော့ ပထမအကြိမ် တွေ့ဆုံမှုက အဆင်မပြေခဲ့ပါဘူး။

အခုလိုမျိုး တွေ့ဆုံဆွေးနွေးရေးတွေ အစပျိုးခြင်းက တတိယအဖွဲ့အစည်းတွေအနေနဲ့ အားကောင်းဖို့ အင်မတန်လိုအပ်တယ်လို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကြားခံအဖွဲ့အစည်းတွေတော့ လိုအပ်ပါတယ်။ Third party အားကောင်းဖို့ လိုအပ်ပါတယ်။ ဒီနှစ်ဖွဲ့တွေ ရန်ဖြစ်နေပြီဆိုရင်တော့ ကြားထဲကနေ အားကောင်းပြီးမှ တွေ့ဆုံဆွေးနွေးရေးကို စီစဉ်ပေးနိုင်တယ်ဆိုရင်တော့ ပိုပြီးမှ မြန်ဆန်လာမှာပေါ့။ အခု ဥပမာအနေနဲ့ မြောက်ပိုင်း ၃ ဖွဲ့တို့ တစ်ဖွဲ့ချင်း တွေ့တယ်။ တရုတ်ကြားဝင် စေ့စပ်မှုနဲ့ သူတို့ တွေ့ကြရတာလေ။ ဒီနှစ်ဖွဲ့တည်းနဲ့ ညှိနှိုင်းပြီးတွေ့တာ မဟုတ်တဲ့အခါကြတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုက ဘယ်လောက်ထိ ရောက်လဲဆိုတာ။ ပြေလည်ချင်း မပြေလည်းချင်းက တစ်ကဏ္ဍပေါ့။ တွေ့ဆုံဆွေးနွေးရေးလေးတွေ အစပျိုးလာတယ်ဆိုတဲ့ ဥစ္စာက Third party အားကောင်းဖို့ အရမ်းလိုအပ်တယ်ဆိုတာကို ပြောချင်တယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် က စပြီး နိုင်ငံတော် အာဏာသိမ်းလိုက်တာကြောင့် ဆန့်ကျင်တော်လှန်ဖို့အတွက် တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေဟာ အရင်က ရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထက် ပိုမိုများပြားလာခဲ့တာပါ။

တော်လှန်ရေး အင်အားစုတွေ များပြားလာတာနဲ့အမျှ နိုင်ငံတစ်ဝန်း တိုက်ပွဲ ပဋိပက္ခတွေကလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး စစ်ကောင်စီဟာ နယ်မြေ အများအပြားကို လက်လွှတ်ဆုံးရှုံးထားရသလို တော်လှန်ရေး အင်အားစုတွေကတော့ အများအပြား သိမ်းပိုက်ရရှိထားကြပါတယ်။

ဒီအခင်းအကျင်းကြားထဲမှာ တိုင်းပြည်မပြိုကွဲအောင် အားလုံးကြိုးပမ်းရမှာ ဖြစ်တယ်လို့ 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်အောင်မငေးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မြို့နယ်ပေါင်း အများကြီးက EAO လက်ထဲ ရောက်သွားပြီ။ ဒါကို ရခဲ့တဲ့ ဒေသတွေကလည်း ထိန်းကျောင်းဖို့ ပြုပြင်ဖို့ တကယ်ဖွံ့ဖြိုးဖို့ လုပ်ဖို့လည်း တော်တော်လေး အလှမ်းဝေးတယ်။ တော်တော်လေး အခက်အခဲ အများကြီးရှိတယ်ဆိုတော့ ဒါကလည်း ကိုယ့်နိုင်ငံအတွက် မရည်ရွယ်ဘူး။ မကြည့်ဘူးဆိုရင် ကျရှုံးနိုင်ငံ ဖြစ်လာဖို့ ရှိမယ်လို့ ထင်တယ်။ အခု လောလောလတ်လတ် အခြေအနေအရပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ရွေးကောက်ပွဲထက် တွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးဖို့ နိုင်ငံတကာအပါအဝင် အားလုံးက တိုက်တွန်းနေကြတာပါ။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၄ နှစ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှု ကြီးကြီးမားမား မရှိခဲ့သလို ကောင်းတဲ့ ရလဒ်တွေကိုလည်း မဖန်တီးနိုင်ခဲ့ပါဘူး။

လက်ရှိ မြောက်ပိုင်း ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတာကလည်း အင်အားကြီး တရုတ်နိုင်ငံရဲ့ အင်တိုက်အားတိုက် ပါဝင်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ ဥက္ကဋ္ဌဟာ ရုရှားသမ္မတပူတင်ရဲ့ ဖိတ်ခေါ်မှုကြောင့် မတ်လ ၃ ရက်က ရုရှားနိုင်ငံကို ထွက်ခွာသွားခဲ့ပြီး ပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Related posts

စစ်ရေးထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်

Rakhita Times

ဉာဏ်တောနဲ့ရွှေသွန်းရွာတွင် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

AA ထိန်းချုပ်ဒေသတွေမှာ အစစ အရာရာ အခက်အခဲဖြစ်အောင် စကမ လုပ်လာနိုင်

Rakhita Times

Leave a Comment