အာရက္ခတိုင်းမ်စ် (၂၄ မတ် ၂၀၂၅)
ရက္ခိုင်ပြည်ရဲ့ မြောက်ပိုင်းဒေသတွေမှာ ရေရှားပါးနေတာကြောင့် တိုက်ပွဲရှောင်တွေဟာ ရေရရှိဖို့ကိုပဲ ကြိုးစားနေရတဲ့အတွက် စားဝတ်နေရေး ခက်ခဲလာတယ်လို့ တိုက်ပွဲရှောင်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား စတဲ့ မြို့နယ်တွေမှာ သောက်သုံးရေ ရှားပါးနေတာ ဖြစ်ပါတယ်။
တိုက်ပွဲရှောင်တွေဟာ အလုပ်အကိုင် ရှားပါးတာကြောင့် ထင်းခွေ၊ ထင်းခုတ်တဲ့လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရတာပါ။
လက်ရှိမှာ သောက်သုံးရေ ရှားပါးခြင်းကြောင့် ယားနာရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြပြီး ရေရရှိရေးကိုသာ ကြိုးစားနေကြရတာကြောင့် စားဝတ်နေရေးပိုင်းကို ထိခိုက်လာတယ်လို့ တိုက်ပွဲရှောင်အရေး ကူညီပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ခံက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကျနော်တို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရင် ၂၀၂၃ ခုကတည်းက တိုက်ပွဲစဖြစ်ကတည်းက အရေပြားရောဂါက တော်တော်ဆိုးဆိုးရွားရွားကြီးကို ဖြစ်ခဲ့ကြတာဆိုတော့လေ အခုထိလည်း အမြစ်ပြတ်အောင် မကုသပေးနိုင်သေးဘူး။ အဲဒီအထဲမှာ ကျနော်တို့က ရေရှားတယ်ဆိုတော့ ကန်တွေမှာ ရေတွေထဲမှာ တင်ကျန်နေတဲ့ မသန့်ရှင်းတဲ့ရေကို သုံးရတာတွေ အဲဒါတွေကို သုံးရတော့ ကျန်းမာရေးပိုင်းရော၊ တချို့ကဏ္ဍတွေမှာ ထိခိုက်တာတွေ၊ အရေပြားရောဂါတို့၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတို့၊ နောက်တစ်ချက်က ပုဏ္ဏားကျွန်းမြို့နယ်မှာ အခုရှိနေတဲ့သူတွေက တိုက်ပွဲရှောင်တွေဆိုတော့လေ စားဝတ်နေရေးက တော်တော်အခက်အခဲ ဖြစ်ကြတယ်ဗျ။ အဲဒီ အခက်အခဲရှိတဲ့နေရာမှာ အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းတယ်။ တချို့ဆိုရင် တစ်ရက်ထင်းခွေမှ ပိုက်ဆံ ၄/၅ ထောင် ရတာ။ မနက်အစောကြီး သွားပြီးမှ ညနေပြန်ရောက်တာ။ အဲဒီ ထင်းခွေဖို့ထက် အခုက ကျနော်တို့က သောက်သုံးရေ သွားခပ်နေရတာဆိုတော့လေ စားဝတ်နေရေးပိုင်းကိုပါ ထိခိုက်တယ်ဗျ” လို့ ပြောပါတယ်။
ရက္ခိုင်ပြည်က မြို့နယ်တွေဟာ နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးလေ့ရှိပေမယ့်လည်း လက်ရှိမှာ တိုက်ပွဲကြောင့် ပိုပြီးတော့ အခက်အခဲ ဖြစ်လာတာ ဖြစ်ပါတယ်။
တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ တခြားဒေသမှ ဒေသခံတွေက လာရောက်တိမ်းရှောင်နေကြတဲ့အတွက် နွေရာသီမရောက်ခင်ကတည်းကပဲ ရေရှားတဲ့ ပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ခံက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကျနော်တို့ ပုဏ္ဏားကျွန်းဘက်မှာက အခုလက်ရှိမှာဆိုရင် ပုဏ္ဏားကျွန်း တစ်မြို့နယ်လုံး အတိုင်းအတာက ကျေးရွာပေါင်း ၅၀ လောက်က ရေရှားနေတာဗျ။ ပုဏ္ဏားကျွန်းဒေသတွေက ပုံမှန် အရင်တုန်းကနှစ်တွေတောင် ပုံမှန် ရေရှားတဲ့ပြဿနာက နွေရာသီ ရောက်တိုင်းကို ကြုံနေရတာ။ ဒါပေမယ့် ဒီနှစ်က ကျနော်တို့ ၂၀၂၃ တိုက်ပွဲတွေဖြစ်တော့ အဲဒီရွာတွေဘက်ကို စစ်ဘေးရှောင်တွေ၊ မြို့ပေါ်က စစ်ဘေးရှောင်တွေ၊ တခြား စစ်တွေတို့၊ ပေါက်တောတို့၊ ရသေ့တောင်တို့ အဲဒီဘက်က စစ်ဘေးရှောင်တွေ အများကြီး လူဦးရေ တိုးလာတယ်ဆိုတော့ အချိန်မတိုင်ခင် နွေရာသီ မရောက်ခင် နွေရာသီ ရောက်တာနဲ့ကို ရေရှားနေတာ အခုကလေ” လို့ ပြောပါတယ်။
လက်ရှိမှာ ရေရှားပါးတဲ့ ပြဿနာကို အာရက္ခတပ်တော်မှ တာဝန်ရှိသူတွေ၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေက ရေရရှိရေးအတွက် ရေရတဲ့နေရာကနေ ရေကို ကားနဲ့ သယ်ပြီး တိုက်ပွဲရှောင်တွေကို မျှဝေပေးလျက်ရှိပေမယ့်လည်း လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။
ရက္ခိုင်ပြည်က နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတာကြောင့် အာရက္ခတပ်တော်အနေနဲ့ လက်ရှိမှာ စစ်ရေးကာလ ဖြစ်သော်လည်း နောင်တချိန်မှာ ရေရှားပါးမှု မကြုံရအောင် ကဏ္ဍတစ်ခုအနေနဲ့ ကြိုးစားပေး ဆောင်ရွက်စေလိုကြောင်း တိုက်ပွဲရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
