BusinessNewsPolitic

ရက္ခိုင်မှာ အိမ်/ခြံခွန် စတင်ကောက်ခံ၊ ဒေသခံတွေ အခက်တွေ့နေ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၃၀ မေ ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေအချို့မှာ အိမ်၊ ခြံမြေအတွက် အခွန်ကောက်ခံမှုစတင်နေပြီး အခွန်ပေးသွင်းဖို့အတွက် ငွေကြေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့အစိုးရ အနေနဲ့ လွတ်မြောက်နယ်မြေက မြို့နယ်အချို့မှာ အိမ်၊ ခြံ မြေခွန်အဖြစ် တစ်နှစ်ကို ကာလတန်ဖိုးရဲ့ ၅% ကောက်ခံနေတယ်လို့ ဆိုပါတယ်။

“ ပျဉ်ထောင်၊ ပျဉ်စီအိမ် ကာလတန်ဖိုး သိန်း ၆၀ တန် အိမ်ဆိုရင် သိန်း ၆၀ ရဲ့ ၅ ရာခိုင်နှုန်းကို အခွန်ဆောင်ရတယ်။ ဥပမာ ဒီအိမ်က ကာလတန်ဖိုး သိန်း ၁၀၀၀ တန်ရင် သိန်း ၁၀၀၀ ရဲ့ ၅ ရာခိုင်နှုန်းကို အခွန်ဆောင်ရတယ်။ တစ်နှစ်စာလုံးကို သွင်းရတာ၊ တစ်နှစ်စာလုံး ၁၅ သိန်းကျရင် ၁၅ သိန်းကို သွင်းရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စီမံကိန်းတွေနဲ့ တခြားလုပ်ငန်းတွေကို အဓိကထား ကောက်ခံမှာဖြစ်ကြောင်း ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ စီမံကိန်းတွေ တခြားလုပ်ငန်းတွေကို အဓိကထားမယ်။ ကျနော်တို့ ရခိုင်ပြည်မှာဆို ရေလုပ်ငန်းတွေ ရှိမယ်။ လက်လုပ်လက်စားအဆင့် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း တွေပေါ့။ ကျနော်တို့က ငွေကြေးအားဖြင့် များများစားစား ကောက်မှာ မဟုတ်ဘူး။ အဓိက ကတော့ ရက္ခိုင် ပြည်သူ့တော်လှန်ရေး အာဏာကို အသိအမှတ်ပြုမှုကို အဓိက ဦးစားပေးမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိ ရက္ခိုင်ပြည်မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် အာရက္ခပြည်သူ့အစိုးရက ကောက်ခံတဲ့ အခွန်ပေးဆောင်နိုင်ဖို့ အခက်အခဲ ကြုံတွေ့နေရမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ အလုပ်အကိုင်မရှိဘဲနဲ့၊ ဘာလုပ်ပြီး ဘာကိုင် စားသောက်နေဖို့၊ အလုပ်အကိုင်လည်း မရှိ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရက္ခိုင်ပြည်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အလုပ်အကိုင်ရှားပါးမှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်မှုတွေကြောင့် ဒေသခံအချို့ဟာ ရက္ခိုင်ပြင်ပကို ထွက်ခွာမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စားဝတ်နေရေးကြပ်တည်းပြီး ဝင်ငွေလျော့နည်းနေတဲ့ကာလဖြစ်တာကြောင့်  အာရက္ခတပ်တော် အနေနဲ့ ကုန်စည်အခွန်ကောက်ခံမှုတွေကို ဖြေလျှော့ပေးဖို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်လာတာကြောင့် ဆေးဝါး၊ အခြေခံစားသောက်ကုန်၊ စာရေးကိရိယာ၊ အခြေခံလူအသုံးအဆောင်ပစ္စည်းတွေကို ပဋိပက္ခကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးဖို့လည်း တောင်းဆိုကြပါတယ်။

Related posts

တရုတ်နဲ့ AA တို့ ဒီဇင်ဘာလဆန်းက တွေ့ဆုံခဲ့သော်လည်း မြို့တွေ ဆက်သိမ်းနေ

Rakhita Times

စာသင်ကျောင်းတွေနဲ့ ကမ္ဘာရွာ

Rakhita Times

မောင်တောမှာ မြေမြှုပ်မိုင်း ၁၀၀ ကျော် AA ရှင်းလင်း

Rakhita Times

Leave a Comment