အာရက္ခတိုင်းမ်စ် (၁၆ ဩဂုတ် ၂၀၂၅)
အာရက္ခတပ်တော်အနေနဲ့ ကျောက်ဖြူမြို့မှာ တရုတ်နဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံတွေရှိတာကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားနေပုံရတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါ့ကြောင့် ကျောက်ဖြူမြို့ စစ်ရေးဟာ ငြိမ်လိုက် ပြန်ပြင်းထန်လိုက် ဖြစ်နေပြီး တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေကို အချိန်ကြာမြင့်စွာ တိုက်လာတဲ့အခါမျိုးမှာ စစ်ပမ်းတဲ့သဘောမျိုးလည်း ရှိနိုင်တယ်လို့ သူကပြောပါတယ်။
“ကျနော်တို့ မှန်းတာကတော့ ကျောက်ဖြူရယ်လို့တော့ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ စစ်ကကြာကြာ တိုက်လာတဲ့ အခါ နည်းနည်းစစ်ပမ်းလာတဲ့သဘောမျိုးတော့ ရှိမှာပေါ့လေ။ တစ်နိုင်ငံလုံး အတိုင်းအတာမှာလေ။ ကျနော်တို့ ရက္ခိုင်မှာက အဲဒီကျောက်ဖြူကို အချိန်ဆွဲပြီး တိုက်တယ်ဆိုတာကလည်း စစ်ရေးဗျူဟာအနေနဲ့ ဘယ်လိုရှိလဲ မသိဘူး။ နောက်တစ်ခုကလည်း ကျောက်ဖြူက တရုတ်ကနေပြီးတော့ သူတို့ရဲ့ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်နဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်ဆိုတဲ့ အခါမှာ နောက်ကွယ်မှာတော့ သူတို့တွေရဲ့ ဆက်စပ်မှု တွေ ဘယ်လိုရှိလဲဆိုတာ ကျနော်တို့ အပြင်လူတွေ အနေနဲ့တော့ မသိနိုင်ဘူးပေါ့လေ။ နောက်တစ်ခု ဒီဟာတွေကို အထိအခိုက် အနည်းဆုံးဖြစ်အောင် သူတို့ ကြိုးစားနေပုံရပါတယ်လို့ပဲ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၆ လဝန်းကျင်ရှိလာပြီး စစ်တပ်ကတော့ အင်အားအလွန်အမင်း အသုံးပြုပြီးတော့ AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို တိုက်ခိုက်နေတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက် က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တရုတ်အကျိုးစီးပွားဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိနေတဲ့ အတွက် စစ်တပ်ဘက်ကလည်း အင်အားအလွန်အကျွံသုံးကာ ပြန်လည် ထိုးစစ်ဆင်နေပြီး AA ဘက်ကလည်း တန်ပြန်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် အာရက္ခတပ်တော်နဲ့ ညီနောင်မဟာမိတ် အဖွဲ့အစည်းကြား မတူညီတဲ့ နောက်ခံအခြေအနေ အချို့ရှိတဲ့အတွက် သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကို ပြန်လွှဲပြောင်းပေးဖို့ဟာ ဖြစ်နိုင်ခြေနည်းကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့တာပါ။
လက်ရှိတွင် ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး AA အနေဖြင့် ချမှတ်ထားတဲ့ ပန်းတိုင်ကို အဆုံးထိရောက်အောင် ဆက်လက်ချီတက်သွားဖို့ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။
AA အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အကာကွယ်ပေးမယ်လို့ ကြေညာထားပေမယ့် ကျောက်ဖြူမှာ ထိုးစစ်ဆင်ကြတဲ့အခါ တစ်စုံတစ်ရာ သေချာပေါက် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကျနော်တို့ တော်လှန်ရေးအဖွဲ့ တစ်နည်းအားဖြင့် ပြောရင် AA ကိုယ်တိုင်ကိုက နဂိုကတည်းက ကြေညာပြီးသား ဖြစ်တယ်။ နိုင်ငံခြား၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် သူတို့ ပေးပါမယ်ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြီးသားရှိတယ်လေ။ အဲဒီတော့ ကျောက်ဖြူမှာ AA က ထိုးစစ်ဆင်လာမယ်ဆိုရင် သေချာပေါက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့နေရာတွေဟာ စစ်မြေပြင် ဖြစ်လာနိုင်တယ်။ သေချာပေါက် အဲဒီနေရာတွေလည်း တစ်စုံတစ်ရာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ မြင်ရတယ်။ ကျနော်တို့ရဲ့ နယ်မြေဒေသအရပေါ့” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရက္ခိုင်ပြည်သူ ၉၂၆ ဦး သေဆုံးခဲ့ပြီး ၁၉၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါ့အပြင် ၉၄၇ ဦးမှာ ဖမ်းဆီးခံထားရ ကြောင်း အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
