NewsPolitic

ရန်ကုန်မှာ AA ရဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စကမ ထပ်မံစွပ်စွဲ

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော် AA ရဲ့ ရက္ခိုင်ပြည်နဲ့ မလေးရှားနိုင််ငံကို ပို့ဆောင်မယ့် ငွေကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့က အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ကော်မရှင်က ထုတ်ပြန်ပြီး ထပ်မံစွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ကနေတစ်ဆင့် ရက္ခိုင်ပြည်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်မယ့်သတင်းအရ လုံခြုံရေးအဖွဲ့ဝင်တွေ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ အောင်ခန့်ကျော် မောင်းပြီး ထက်ဝေဖြိုး လိုက်လာတဲ့ NISSAN CONDOR ကားကိုတားဆီးစစ်ဆေးရာ အိုက်စ်(၁,၄၃၉)ကီလိုဂရမ်အားဖမ်းဆီးရမိခဲ့​တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆေးချက်တွေအရ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ဇော်ဝင်းထွန်း၊ ဆန်းထွန်းကျော်၊ ဇော်လင်း၊ စောဇင်မင်းဟန်၊ ကျော်နိုင်၊ သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်၊ စိုးမင်းပိုင်၊ ခင်မောင်တွတ်နှင့် တင့်နိုင်ထွန်းတို့အားအသီးသီးထပ်မံဖမ်းဆီးရမိခဲ့​ပြီး မူးယစ်ဆေးဝါးတွေကို ရက္ခိုင်ပြည်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်ရာမှာ ပါဝင်သူ (၁၆) ဦးအား ကား(၄)စီး၊ ငွေကျပ်(၁၉၅ ဒသမ ၈၅)ဘီလီယံခန့်တန် ဖိုးရှိ အိုက်စ်(၃,၄၃၈)ကီလိုဂရမ်၊ ကတ်တမင်း(၂,၁၉၈) ကီလိုဂရမ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့​တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာလည်း ရန်ကုန်မှာ ဖမ်းဆီးရမိတဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်မယ့် ကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ် ဆေးဝါးတွေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က အာရက္ခတပ်တော် AA ကို စွပ်စွဲထားပါသေးတယ်။

AA မူးယစ်ဆေးဝါးရောင်းဝယ်တာတွေကို ပြုလုပ်ပြီး အဲဒီကနေ ရတဲ့ ငွေတွေနဲ့ လက်နက်၊ ခဲယမ်းတွေ ဝယ်ယူပြီး ရက္ခိုင်ပြည်အတွင်း အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်တာ၊ လက်နက်အားကိုးနဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်တာတွေကို လုပ်ဆောင်လျက်ရှိ​နေတယ်လို့ စစ်ကော်မရှင်က စွပ်စွဲထားပါသေးတယ်။

မူးယစ်ဆေးနဲ့ ပတ်သက်ပြီး AA ကို စွပ်စွဲတာဟာ စစ်ကော်မရှင်ရဲ့ မရိုးနိုင်တဲ့ ဗျူဟာလို့ AA ရဲ့ ပြောခွင့်ရ ဦးခိုင်သုခ က တုန့်ပြန်ပြောဆိုထားပြီး အာရက္ခတပ်တော်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။

Related posts

ရက္ခိုင်ဒေသကို တည်ဆောက်ရာမှာ ဘယ်လိုအဖွဲ့အစည်းကိုမှ ဘေးဖယ်ထားလို့ မရဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

Rakhita Times

ကျောက်ဖြူမြို့တွင် RNP ရုံးချုပ် ဖွင့်လှစ်

Rakhita Times

ရက္ခိုင်တိသတိထားရမည့် ကရင့်သမိုင်းတော်လှန်ရီး__________________________________________

Rakhita Times

Leave a Comment