အာရက္ခတိုင်းမ်စ် (၁၃ အောက်တိုဘာ ၂၀၂၅)
အကြမ်းဖက် စစ်ကော်မရှင်အနေဖြင့် အာရက္ခတပ်တော် (AA) ဘက်မှ နယ်မြေ အများစု သိမ်းပိုက်ရရှိထားတဲ့ ရက္ခိုင်ပြည်မှာ စစ်ရေးစီမံချက် ရှိဦးမယ့်ပုံ မပေါ်သေးကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါပေမယ့်လည်း ထပ်မံပြီး စစ်ရေးတွေ မကျွံလာအောင်အတွက် အကြမ်းဖက် စစ်ကော်မရှင်ဘက်မှ တားနေတဲ့ သဘောမျိုး တွေ့ရကြောင်း သူက ပြောပါတယ်။
“စစ်မျက်နှာအားလုံးမှာတော့ တစ်ပြိုင်နက်တည်း မတိုက်နိုင်ဘူးပေါ့လေ လောလောဆယ် အခြေအနေအရတော့ ဘာကြောင့်လဲဆိုတော့ မန္တလေးတို့၊ ရန်ကုန်တို့၊ နေပြည်တော်တို့ကိုလည်း ကာကွယ်ဖို့ လိုတာကို တစ်ဖက်က။ ဒါကြောင့် စစ်မျက်နှာက ရက္ခိုင်ကိုတော့ နည်းနည်း လွှတ်ထားပြီးတော့ ရက္ခိုင်က မကွေးတို့၊ ပဲခူးတို့အထဲကို မြစ်ဝကျွန်းပေါ်ဘက်ကို မစိမ့်လာအောင် ကာတဲ့သဘောပါပဲ။ ရက္ခိုင်ကို ပြန်ပြီးတော့ စစ်ဆင်ရေး စီမံချက်တော့ ရှိဦးမယ့်ပုံ မပေါ်ပါဘူး။ သို့သော်လည်းပဲ ထပ်ပြီးတော့ စစ်မကျွံလာအောင်တော့ တားတဲ့ သဘောတော့ တွေ့ရတယ် ရက္ခိုင်ဘက်မှာ။ ရှမ်းမြောက်ကိုတော့ အားစိုက်ပြီးတော့ ပြန်ယူချင်တဲ့ သဘောရှိတယ်။ ကချင်မှာဆိုလည်း ဗန်းမော်ကို လုံးဝ မကျအောင်တော့ ခုခံနေတဲ့ သဘောရှိပါတယ်” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည်တောင်ပိုင်းကို အခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကော်မရှင်က လေယာဉ်၊ စစ်သင်္ဘောတို့ကနေ ဗုံးကြဲပစ်ခတ်နေပြီး အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက သံတွဲမြို့ဝန်းကျင်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ရေးသတိရှိကြဖို့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့က သံတွဲ ငပလီကမ်းခြေ မျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ သံတွဲမြို့ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့သလို သံတွဲ နဲ့ ဂွမြို့ပေါ်မှာ Y8၊ Y12 လေယာဉ်တွေ ၄ နာရီလောက်ကြာအောင် ပျံဝဲနေခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီလောက်မှာတော့ သံတွဲမြို့ အနီးပတ်ဝန်းကျင်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အောက်တိုဘာ ၉ ရက် ညနေပိုင်းကလည်း ဂွမြို့နယ်၊ ပုန်းညက်ရွာရဲ့ အနောက်ဘက် ပင်လယ်ထဲမှာရှိတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း စစ်သင်္ဘောတွေက သံတွဲမြို့နဲ့ ပတ်ဝန်းကျင် နေရာတော်တော် များများကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်ခဲ့ပြီး ပင်လယ်ကမ်းနီး မြို့၊ ရွာနေ ပြည်သူတွေအနေနဲ့ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကို အထူးသတိထားကြဖို့၊ စစ်ရေးသတိရှိကြဖို့ AA က အသိပေး ထုတ်ပြန်ထားပါတယ်။
ပြီးတော့ ရက္ခိုင်ပြည်ထဲက သိမ်းပိုက်ဖို့ ကျန်နေတဲ့မြို့တွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာ ရက္ခိုင်ပြည်နဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်း နတ်ရေကန် စစ်စခန်း၊ ပဲခူးတိုင်း ညောင်ကျိုးဗျူဟာကုန်း နဲ့ ဧရာဝတီတိုင်းအစပ် လေးမျက်နှာမြို့နယ်ထဲမှာ အကြမ်းဖက် စစ်တပ်နဲ့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့လည်း သိရပါတယ်။

25 comments