အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနဲ့ ကလေးတဦး ပါဝင်တယ်လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုဟာ မနေ့က (ဒီဇင်ဘာ ၁၀ ရက်)၊ ည ၉နာရီ ၁၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ (ဒီဇင်ဘာ ၁၁ ရက်) မနက်ပိုင်းထိ ကနဦး ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ ၃၃ ဦးထိ ရှိလာပြီး အသက်မပြည့်သေးတဲ့ ကလေးတဦး အပါအဝင် အမျိုးသမီး ၁၇ ဦး၊ အမျိုးသား ၁၆ ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ ဒီမနက်ပိုင်းထိ ကျွန်တော်တို့က အလောင်းရှာဖွေ တွေ့ရှိတာ ၃၃ ဦးပါ။ သေနှုန်းကတော့ တိုးလာနိုင်သေးတယ်။ လက်ရှိ စာရင်းအရတော့ ဒီလောက်လောက်ပဲ ရှိနေပါသေးတယ်။ သေဆုံးတဲ့လူတွေထဲ အသက်ကြီးပိုင်း များပါတယ်။ သူက ဆေးရုံတက်တဲ့ လူနာတွေ များပါတယ်။ ကလေးလေးကတော့ တယောက်ပဲ တွေ့တာပေါ့။ အသက်အားဖြင့် တနှစ်ကျော် ပတ်ဝန်းကျင်လောက်ပဲ ရှိပါလိမ့်မယ်” လို့ ဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သေဆုံးသူတွေ ရှိသလို ထိခိုက်ဒဏ်ရာရရှိသူ ဦးရေ စုစုပေါင်း ၈၀ အထိ တိုးလာပြီး အကြီးစား ဒဏ်ရာရရှိမှုကြောင့် စိုးရိမ်ရတဲ့ လူဦးရေဟာလည်း ၂၀ ခန့် ရှိပြီလို့ သိရပါတယ်။
” မနေ့ကဆိုရင်တော့ ဒီဇင်ဘာ ၁၀ ရက်နေ့ ဆိုရင်တော့ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဗျ။ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာတောင်မှ ဒီလို လာရောက်ပြီး ပြည်သူလူထုကို အစုလိုက် အပြုံလိုက် သတ်ပြတယ်ဆိုတာကတော့ လူ့အခွင့်အရေးကို သူတို့ ပျက်ရယ်ပြုသလို ဖြစ်တာပေါ့။ တခြားတဖက်မှာ ဒီမိုကရေစီရဲ့စံနှုန်းတွေကို သူတို့ လုံးဝကို လက်မခံဘူးဆိုတဲ့ ပုံစံမျိုးကို လာပြတာ ဖြစ်တယ်ဗျ။ တော်တော်ယုတ်ညံ့တဲ့ အလုပ်လို့ပဲ ကျွန်တော် မှတ်ချက်ပြုချင်တယ်။ အကြမ်းဖက်ဆိုတဲ့ စကားလုံးနဲ့တောင် မတန်တော့ဘူး” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
ထိခိုက် ဒဏ်ရာရရှိသူနဲ့ သေဆုံးသူဦးရေဟာ ဆက်လက် တိုးလာနိုင်တာကြောင့် အာရက္ခတိုင်းမ်စ်မှ ဆက်လက် ဖော်ပြပေးသွားပါမယ်။

4 comments