အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၅)
အိန္ဒိယနိုင်ငံကို ဦးတည်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင််းတစ်ခုဖြစ်တဲ့ မွန်တာမုန်တိုင်းရဲ့ အရှိန်ကြောင့် ရက္ခိုင်ပြည်အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မိုးထစ်ချုံးရွာပြီး ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်လာပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ရက္ခိုင်ပြည်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း၊ ကချင်၊ ကယား၊ ချင်းနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်သူတွေသတိပြုကြဖို့လည်း အသိပေးထားပါတယ်။
ရက္ခိုင်ကမ်းရိုးတမ်း၊ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါမိုးသက်လေပြင်းကျကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေက ၁ နာရီကို မိုင် ၃၀ ကနေ ၃၅ အထိတိုက်ခတ်နိုင်ပါတယ်။
ဒါပေမယ့် မုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မွန်တာမုန်တိုင်းဟာ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၅၃၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့ဘက် ရေမိုင် ၂၄၀ ခန့်၊ ကာကီနာဒါမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင် မှာ ဗဟိုပြုနေတယ်လို့ ဖော်ပြထားပါတယ်။
အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတစ်ခုဖြစ်တဲ့ မွန်တာမုန်တိုင်းဟာ အိန္ဒိယနိုင်ငံကို ဦးတည်လာနေတာကြောင့် အိန္ဒိယနိုင်ငံမှာ လူပေါင်းငါးသောင်း ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ စီစဉ်နေပြီး မုန်တိုင်းဟာ တဖြည်းဖြည်း ပိုမိုအားကောင်းလာနေတာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ အရေးပေါ် ပြောင်းရွှေ့ မှုတွေ လုပ်နေသလို အန်ဒ်ဟရာ ပရာဒက်ရှ်နဲ့ အနီးက ဩရိဿပြည်နယ်တွေမှာလည်း ကျောင်းတွေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို ပိတ်ထားရတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

2,400 comments