အာရက္ခတိုင်းမ်စ် (၁၃ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မြောက်ဦးဆေးရုံဖြစ်စဉ်တွင် သေဆုံးခဲ့သူများမှာ အရပ်သားပြည်သူများမဟုတ်ပဲ AA နဲ့ PDF များသာ ဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။
ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA နဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကြား၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် မြောက်ဦးဒေသကို AA က ထိန်းချုပ်ခဲ့လို့ အဆိုပါ ဆေးရုံမှာ တရားဝင် ပိတ်သိမ်းထားတဲ့ ဆေးရုံဖြစ်တယ်လို့ စကမက ဆိုပါတယ်။
အဆိုပါ မြောက်ဦးဆေးရုံကို အကာကွယ်ယူပြီး AA နဲ့ ဒေသခံ PDF၊ BPLA၊ အရှိချင်း စတဲ့အဖွဲ့တွေက စစ်စခန်းဖွင့်လှစ်ထားတာကြောင့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗုံးကြဲမှုဖြစ်စဉ်မှာ သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ပြည်သူများမဟုတ်ဘဲ AA နဲ့ ဒေသခံ PDF၊ BPLA၊ အရှိချင်း စတဲ့ အဖွဲ့ဝင်တွေနဲ့ သူတို့ကို အားပေးထောက်ခံသူတွေသာ ဖြစ်တယ်လို့ စစ်ကော်မရှင်က ငြင်းဆိုထားပါတယ်။
စစ်ကော်မရှင်အနေနဲ့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE) နဲ့အညီ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

28 comments