အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့၊ မဒေးကျွန်းစီမံကိန်းအတွက် ဒေသခံ ၅၅ ဦးကို မြေယာလျော်ကြေးအဖြစ် ကျပ်သိန်းခြောက်သောင်းကျော် ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ မဒေးကျွန်းရှိ ကျောက်တန်း (၁) နဲ့ (၂) ဆည်တည်ဆောက်ရာမှာ ပါဝင်သွားတဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်မှာ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမမှာ ပေးအပ်ခဲ့တာလို့ သိရပါတယ်။
စကမရဲ့ ပြည်နယ် သယံဇာတရေးရာဝန်ကြီးနဲ့ ပြည်နယ်ဦးစီးမှူးတွေအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဒေသတောင်သူ ၅၅ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေ ဧက (၁၂၅ ဒသမ ၆၀) ဧကအတွက် မြေယာ လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၆၆၆၅၁၈၂၃၀၅ ကို ငွေသားထုတ်ပေးခြင်း နဲ့ ငွေစုဘဏ်စာရင်း ဖွင့်လှစ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရက္ခိုင်ပြည် မဒေးကျွန်းဟာ တရုတ်ရေနံတင် ဆိပ်ကမ်းရှိရာ ကျွန်းတခုဖြစ်သလို ရေနံတန်ချိန် ၃၀ဝဝဝ၀ ဆန့် ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းမှာ အသုံးပြုဖို့ ရေလှောင်ကန် နှစ်ခုကို ငွေကျပ် လေးဘီလျံခန့် အသုံးပြုကာ တည်ဆောက်ဖို့နဲ့ မြေယာလျော်ကြေးအဖြစ် မြေပိုင်ရှင်တွေကို ခြောက်ဘီလျံခန့် ပေးချေဖို့စီစဉ်ခဲ့ပေမယ့် ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော် နဲ့ စကမတို့အကြား တိုက်ပွဲတွေကြောင့် ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့မှာ AA နဲ့ စစ်ကော်မရှင်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက် ရှိပါတယ်။
