အာရက္ခတိုင်းမ်စ် (၂၂ အောက်တိုဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ် စေတီပြင်တောင်ကျော်လမ်းမှာ ခရီးသွားကားတစ်စီးကို အာဆာအကြမ်းဖက်အဖွဲ့က ဒီနေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ကြားသိရပါတယ်။
ပစ်ခတ်ခံရတဲ့ကားမှာ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာက ကားဖြစ်ပြီးတော့ ကျောက်ပန္ဒူ နဲ့ စေတီပြင်ကို ခရီးသည်တွေ တင်ဆောင်ကာ ပြေးဆွဲနေတဲ့ ကားဖြစ်တယ်လို့ သိရပါတယ်။
ခရီးသည်ကား ပစ်ခတ်ခံရတဲ့အတွက် ကား နဲ့ ခရီးသည် အလောင်းနှစ်လောင်းကို ရှာဖွေရေးလုပ်ဆောင်နေသူတွေက တွေ့ရှိထားကြပြီး ကားမှာ နောက်ထပ်လိုက်ပါလာတဲ့ ခရီးသည်တွေဟာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
အဆိုပါကားမှာ ခရီးသည်ဦးရေ ဘယ်လောက်လိုက်ပါလာသလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပေမယ့် ကလေးငယ်တွေလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာမှ ကိုကျော်ဝင်းစိုး အသက် (၂၅) နှစ်ကို မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာအနီးမှာ အာဆာအဖွဲ့က ပစ်သတ်ခဲ့ပါတယ်။
ကိုကျော်ဝင်းစိုးဟာ နံသာတောင်ကျေးရွာမှ မိတ်ဆွေတစ်ဦးနဲ့အတူ သာယာကုန်းကျေးရွာသို့သွားစဉ် အစ္စလာမ်မစ်စစ်သွေးကြွ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။
သူရဲ့ ရင်ဘတ် နဲ့ ဝမ်းဗိုက်တို့မှာ ကျည်ဆံထိမှန်ခဲ့ပြီးတော့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မောင်တောမြို့ခံတစ်ယောက်က ပြောပါတယ်။
ပုံစာ – အာဆာအကြမ်းဖက်အဖွဲ့ကို တွေ့ရစဉ်

2,909 comments