BusinessNewsPolitic

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးဖို့အတွက် မီတာတွေ လာကောက်နေ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆)

မိုခါမုန်တိုင်းပြီးကတည်းက လျှပ်စစ်မီးလုံးဝမရရှိတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ လျှပ်စစ်မီး ပြန်လည်ပေးဖို့အတွက် အိမ်တွေမှာ မီတာတွေ လာကောက်နေကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒီလို လျှပ်စစ်မီးပြန်ပေးမယ်ဆိုတာက ကြံ့ခိုင်ရေးအဖွဲ့ အုပ်ချုပ်မှ ပေးမှာလားဆိုတာကိုတော့ မပြောတတ်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“မီးတပ်ဖို့လို့ မီတာတွေ လာကောက်ပါတယ် အိမ်တွေမှာလေ။ မီးကြိုးတွေ ဝယ်တဲ့လူတွေကတော့ မီးရတော့မှာမို့ ဝယ်တယ်လို့တော့ ပြောပါတယ်။ ကြံ့ခိုင်ရေးက မီးတပ်ပေးဖို့၊ မီးရအောင် လုပ်ပေးဖို့လို့ ပြောသံကြားပါတယ်လေ။ ကြံ့ခိုင်ရေးတက်လာမှ ကြံ့ခိုင်ရေးအုပ်ချုပ်မှ မီးရမှာလားဆိုတာတော့ မပြောတတ်ဘူး။ အခုကပင် အိမ်မှာ လူနေလား၊ မီတာနံပါတ်တွေကို မှတ်သွားတယ်။ ပြီးရင် အိမ်မှာ အမြဲနေတာလား၊ မီတာတပ်ဖို့အတွက် လာနေတာလား အိမ်တွေကို ကြည့်ပါတယ်” လို့ သူက ပြောပါတယ်။

လျှပ်စစ်မီးမရရှိတာကြောင့် အားသွင်းဖို့အတွက် မီးစက်နဲ့မောင်းပြီး အခကြေးငွေယူကာ အားသွင်းလို့ရတဲ့ နေရာတွေမှာ အားသွင်းနေကြရတာပါ။

ထမင်း၊ ဟင်း ချက်ပြုတ်ကြတဲ့အခါမှာလည်း ထင်း၊ မီးသွေး၊ လောင်စာတောင့်တွေကိုသာ အသုံးပြုနေကြရပါတယ်။

လျှပ်စစ်မီး ပြန်ပေးတဲ့အခါ မီးကြိုးကိုတော့ မိမိတို့ကိုယ်တိုင် ဝယ်ရမှာဖြစ်တဲ့အပြင် ဆိုလာစနစ်နဲ့ ပေးမှာဖြစ်တဲ့အတွက် မီတာခကလည်း ဈေးကြီးမှာ ဖြစ်တယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကိုယ့်မှာမရှိရင်တော့ ကိုယ်ဝယ်ရဖို့ မဟုတ်လား။ သူတို့က ပေးဖို့တော့ မဟုတ်ပါ။ စားဝတ်နေရေး အခက်အခဲမှာ အဲဒီကြိုးလည်း ဘယ်လို ဝယ်နိုင်မှာလဲ။ ကြိုးလည်း ဈေးကြီးပါဖို့။ နောက်ပြီးရင် မီတာခ‌‌ပေးရဖို့လည်း ရှိပါဖို့မလားရေ။ မီတာခလည်း အများကြီး ပေးရဖို့လို့ ပြောသံကြားပါတယ်။ ဘယ်လောက် ဘယ်လောက် ဈေးယူမလဲမှ မသိတာ။ မီတာခလည်း ဈေးတက်မယ်လို့ ပြောပါတယ်။ ပြီးရင် တရက်လုံးရဖို့မှ မဟုတ်တာ။ မီးရရင် ၂ နာရီလာ၊ ၃ နာရီလာ။ အများဆုံးပေးရင် ၂ နာရီသာပေးဖို့ အဲဒီလိုပဲ ကြားပါတယ်” လို့ သူက ပြောပါတယ်။

မိုခါမုန်တိုင်းပြီးနောက် ရက္ခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် မြို့နေ လူထုတွေဟာ ထွက်ပြေးတိမ်းရှောင်ကြသူ များပြားပြီး လူမနေတော့တဲ့ အိမ်တွေဟာလည်း အများအပြား ကျန်ရှိနေခဲ့တာပါ။

မြို့နေလူထုတွေကလည်း အဲဒီဒဏ်တွေကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်နဲ့ အလုပ်အကိုင် ရှားပါးမှု တို့ကို လက်ရှိအချိန်အထိ ခံစားနေကြရတာပါ။

Related posts

ကျောက်ဖြူ စစ်ဘေးရှောင်များ အခက်အခဲဆုံးအခြေအနေ ကြုံတွေ့နေရ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၀)

Rakhita Times

ရက္ခိုင်တွင် မိုးဆက်လက်ကြီးနိုင်၊ ကမ်းရိုးတန်းတလျောက် လှိုင်း ၁၂ ပေထိ မြင့်နိုင်

Rakhita Times

Leave a Comment