အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆)
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အသစ်ခန့်အပ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခါလီလာရာမန် (Khalilur Rahman) ထံသို့ ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး လမ်းကြောင်းသစ်တခု ဖော်ဆောင်ရန် တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေးပို့ခဲ့တဲ့ ပထမဆုံးအကြိမ် သတင်းစကားမှာ “ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူရာမှာ လက်တွေ့ကျပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်များကို ရှာဖွေနိုင်ဖို့ ကျွန်ုပ်တို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ ကျွန်ုပ်တို့ရဲ့ လက်ရှိရှိရင်းစွဲ စိတ်စေတနာကောင်းတွေအပေါ် အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခ (ရက္ခိုင်) တို့အကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖော်ဆောင်ဖို့ အခွင့်အလမ်းရှိနေပြီ ဖြစ်ကြောင်း” ရေးသားထားတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသ တခုလုံး အပါအဝင် မြန်မာနိုင်ငံ၊ ရက္ခိုင်ပြည် ထက်ဝက်ကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း ဂုဏ်ပြုလွှာတစ်စောင် ပေးပို့ခဲ့သလို နေပြည်တော်နဲ့ ဒါကာတို့အကြား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက် မှုကို အားကောင်းစေဖို့ ခိုင်မာသော ကတိကဝတ်ကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းစကားတွေဟာ မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် စစ်ကော်မရှင်နဲ့ ULA/AA နှစ်ဖက်စလုံးက အသစ်ဖွဲ့စည်းလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း ပြသနေပုံရတယ်လို့ BSS News က ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရာမန်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဟာ စစ်ကော်မရှင်နဲ့သာမက AA နဲ့ပါ အဆက်အသွယ်ရှိကြောင်း မကြာသေးမီက အရိပ်အမြွက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
